အမျိုးသားညီညွတ်ရေးအစိုးရက “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိဒ်ပွဲတော် အထိမ်းအမှတ် သဝဏ်လွှာကို ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာတော့ “အီဒုလ်အသွဟာ” အိဒ်ပွဲတော်နေ့ဟာ အစ္စလာမ်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်တဲ့ အတွက် ဒီအခါသမယမှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
အစ္စလာမ်ဘာသာဝင်တွေဟာ နှစ်စဉ် ဇွလ်ဟဂျ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိဒ်ပွဲတော်နေ့မှာ အလ္လာဟ်အသျှင်အမြတ်ထံတော်ပါး ဝတ်ပြုဆုတောင်းကြပြီး အမိန့်လိုက်နာကြပြီး ဒီနေ့မှာ ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုနဲ့ ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး နွမ်းပါးသူတွေကိုလည်း လှူဒါန်းကြပါတယ်။ ယခင်ကတည်းက “အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိဒ်ပွဲတော်နေ့မှာ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များဟာ ဘာသာစုံ၊ လူမျိုးစုံကို ဖိတ်ခေါ်ကာ ဟင်းလျာများ ချက်ပြုတ်လှူဒါန်းခဲ့ကြပြီး ယနေ့တိုင် အမျိုးမျိုးသော နေရာတွေမှာ ချက်ပြုတ်လှူဒါန်းမှုတွေ ဆက်လက်ပြုလုပ်နေကြတယ်လို့ စာထဲမှာဖော်ပြထားပါတယ်။
ဒါပေမယ့် ခုချိန်မှာတော့ အမိမြန်မာနိုင်ငံဟာ အကြမ်းဖက်စစ်တပ်က အဓမ္မသိမ်းယူထားပြီး စစ်အာဏာရှင်တို့ရဲ့ လက်နက်အားကိုးမှုကြောင့် ပြည်သူတွေကို နေ့စဉ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒီအကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အတွက် စစ်တပ်ကို ပြည်သူတွေက နည်းမျိုးစုံနဲ့ တော်လှန်တိုက်ပွဲ လုပ်ဆောင်နေပြီး တော်လှန်ရေးဟာ အားရစရာအခြေအနေကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းဟာလည်း ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ ပါဝင်နေတာကြောင့် ဂုဏ်ယူဝမ်းမြောက်ရပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းရေးနဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ် အမျိုးသားညီညွတ်ရေးအစိုးရက အသိပေပါတယ်။
“အီဒုလ်အသွဟာ” ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိဒ်ပွဲတော်နေ့မှာ အစ္စလာမ်ဘာသာဝင်အပေါင်းတို့ကို ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ဘေးအန္တရာယ်ကင်းဝေးကြပါစေကြောင်း လည်း ဆုတောင်းမေတ္တာပို့သထားပါတယ်။