ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် နှစ်ရက် ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၉ရက်က ဝိုင်းမော်မြို့မြောက်ဘက်တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ ဝိုင်းမော်မြောက်ဘက် ဝူယန်ရွာနဲ့ လုမြန်(လမြန်)ရွာကြား တိုက်ပွဲပြင်းထန်တယ်။ ညနေ ၆နာရီခွဲလောက်မှာ ငြိမ်သွားပြီ။ မနေ့က လုမြန်တိုက်ပွဲမှာ စကစ တပ်ဘက်က ဗိုလ်မှူးတစ်ယောက် အပါအဝင် ၁၂ယောက် သေတယ်။ စခ(စစ်ကောင်စီ)တွေ ထိုးစစ်ဆင်လာတာ။ သူတို့ တော်တော် အထိနာသွားကြတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် ဇွန်လဒုတိယပတ်တွင် လမြန်ကျေးရွာ ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုရားကျောင်း ပျက်စီးခဲ့ရသည်။
အဆိုပါဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဝင်ရောက်နေရာယူထား၍ KIA ပူးပေါင်းတပ်က ဇွန်လ ၁၈ရက်တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
KIAသည် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် အခြေစိုက် ခမရ(၃၂၁)တပ်ရင်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။
စစ်ကောင်စီဘက်ကလည်း ဝိုင်းမော်မြို့နယ် အတွင်း လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။