ရခိုင်ပြည်၊ အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ ဇွန် ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သဲကမ်းထောင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် ၁ ဦးနှင့် အသက် ၂၅ နှစ် အရွယ် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ ၁၁ နာရီလောက်က လေကြောင်းကနေ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့ အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသူ ၃ ဦးလုံးသည် သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး အသက် ၄ နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ် ပြည်သူ ၁ ဦးတို့လည်း ခန္ဓာကိုယ်အနှံ့တွင် ထိခိုက် ဒဏ်ရာများ ရရှိကာ သဲကမ်းထောင်းရွာမှ နေအိမ် ၄ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။