ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများရှိကြောင်း Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၇ နာရီအချိန် မှော်ဘီမြိုနယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်တပ်ဘက်မှ ထိခိုက်မှုတချိုရှိခဲ့ပြီး အသေးစိတ်အခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဖောက်ခွဲမှုအပြီး ရန်သူထိခိုက်မှုရှိပါတယ်။ အသေးစိတ်အခြေအနေကိုတော့ စုံစမ်းနေဆဲပါဗျ။ ဖောက်ခွဲမှုအပြီး မှော်ဘီတိုးဂိတ်အကျော် ရန်ကုန်အဝင်ဘက်အခြမ်းမှာ စစ်ခွေးတွေက ကားတွေတားစစ်ခဲ့တယ်လို့လည်း မြေပြင်သတင်းပေးတွေအရ သိရှိပါတယ်” ဟု Operation Flameမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ က ပြောဆိုသည်။
အဆိုပါ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့သော စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း၊
ယခုစစ်ဆင်ရေးအား Operation Flame (OF)မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်ပြီးလည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
“မနေ့ည ၇ နာရီမှာ မှော်ဘီဘက်မှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်နားက ပေါက်ကွဲတာလဲတော့ မသိပါဘူး” ဟု မှော်ဘီမြို့မှ ပြည်သူတစ်ဦးက ဆက်သွယ်ပြောဆိုသည်။