စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း မုံရွာမြို့ကို တက်လာသည့် စစ်သင်္ဘော ၂ စီးက မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင် လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်လာသော စစ်သင်္ဘော ၂ စီးသည် မုံရွာမြို့အနီး ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၂ စီးသည် ချင်းတွင်မြစ်ကြောင်း အတိုင်း အထက်ကို ဆန်တက်လာစဉ် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
“စစ်ခွေး သင်္ဘောတွေက အခု မုံရွာရောက်နေပြီ ဘယ်ကို ဆက်ထွက်မလဲတော့မသိဘူး။ စစ်ခွေးတွေက ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတုန်း မြစ်ကြောင်း တစ်လျှောက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု အညာပစ်တိုင်းထောင် လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။