အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်တွင်းက အင်ဖားထောင်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ ၆ရက်ဆက်တိုက် အစာငတ်ခံ ဆန္ဒပြနေတဲ့ သူတွေထဲကနေ အသက်ကြီးပိုင်း ၂ ဦး ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ မနက်ကစလို့ မလှုပ်နိုင်တော့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ မြန်မာ – အိန္ဒိယအရေးစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုခါရ် ဆီကနေ သိရပါတယ်။
မြန်မာ – အိန္ဒိယအရေးစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုုခါရ်“၉၉ ဦးထဲမှာ ၃၃ ဦးက အစာငတ်ခံ ဆန္ဒပြပွဲမှာ အစတုန်းကတော့ ပါဝင်တယ် နောက်မှ ပြန်ရပ်လိုက်တယ် ၆၆ ဦးကတော့ ဆက်တိုက်ဆန္ဒပြကြတာ အခုဆိုရင် ၅ ရက်မြောက်ရှိပြီ ၅ ရက်ပိုင်းရောက်တဲ့ချိန်မှာ အသက်ကြီးပိုင်း အသက် ၆၀ ကျော်တစ်ဦးနဲ့ အသက် ၅၀ ကျော်တစ်ဦးတို့ကတော့ လှဲကျပြီးတော့ မခံနိုင်တော့လို့ ဆေးကုသမှုခံယူနေကြရတယ်လို့ ကျတော်တို့ သိရတယ်”က ပြောပါတယ်.
လက်ရှိ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာဒုက္ခသည်တွေက ၁၅၀ ကျော် ရှိတယ်လို့ လည်း India For Myanmar ဦးဆောင်သူ ဆလိုင်းဒိုခါရ် ကပြောပါတယ်။
မြန်မာနိုင်ငံကို အတင်းအကျပ်ပြန်မပို့်ဖို့ ဇွန်လ ၁၆ ရက်နေ့ကစလို့ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့အထိ အစာငတ်ခံဆန္ဒပြနေကြပါတယ်။
စစ်ကောင်စီ အာဏာသိမ်းမှုအလွန် တို်က်ပွဲပဠိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြတဲ့ သူတွေထဲက စာရွက်စာတမ်းအတုပြုလုပ်မှုနဲ့ တရားမဝင်နေထိုင််မှုတွေကြောင့် မြန်မာဒုက္ခသည်တွေကို ဖမ်းဆီးခဲ့သလို အဖမ်းဆီးခံရသူတွေကို မဏိပူရ်ပြည်နယ်အစိုးရက မြန်မာဘက်ကို ပြန်ပို့နေတာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း အင်ဖားထောင်မှာ ထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာနိုင်ငံတာဝန်ရှိသူတွေဆီကို လွှဲပြောင်းပေးခဲ့ ပါတယ်။