ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးစွဲနေသူများကို တအာင်းတပ်မတော် (TNLA) က အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ ထိန်းသိမ်းဆေးဝါးကုသ မူးယစ်ဆေးဝါး ဖြတ်ပေးပြီးနောက် ၁၃ ဦးကို ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မနေ့က ဇွန် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မိုင်းလုံမြို့နယ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ မူးယစ်ဆေးဝါးဖြတ်ပေးဖို့ ဆေးဝါးကုသမှု ခံယူနေသူ ၄၀ ရှိပြီး ယင်းတို့အထဲက ၁၃ ဦးဟာ မူးယစ်ဆေးဝါး ဖြတ်တောက်နိုင်ခဲ့ကာ သတ်မှတ်ရက်ပြည့်မြောက်သွားပြီဖြစ်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုင်းလုံမြို့နယ်ရှိ မူးယစ်ဆေးဖြတ်တဲ့ အကျင့်စာရိတ္တပြုပြင်ရေးစခန်းမှာ လူဦးရေ ၄၀ ရှိပြီး ခြောက်လတာကာလအတွင်း ၁၃ ဦးသာ မူးယစ်ဆေးဖြတ်နိုင်ခဲ့တာဖြစ်သလို ၎င်းတို့ကိုလည်း သက်ဆိုင်ရာအုပ်ထိန်းသူတွေနဲ့ ကိုယ်တိုင်ဝန်ခံကတိလက်မှတ်နဲ့အတူ လွှတ်ပေးတာဖြစ်ပါတယ်။
ခံဝန်ကတိနဲ့ ပြန်လည်လွတ်မြောက်သူများအနေနဲ့ မူးယစ်ဆေးဝါးထပ်မံသုံးစွဲလို့ နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆီးရမိခဲ့ပါက ထိရောက်စွာအရေးယူသွားမယ်လို့လည်း TNLA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်မှာ မူးယစ်ဆေးဝါးစွဲသူ လူဦးရေ ၅၀ ကိုလည်း အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းမှာ ထိန်းသိမ်း ဆေးဝါးကုသပေးခဲ့ပြီးနောက် မူးယစ်ကင်းကြောင်း လက်မှတ်ထုတ်ပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ မိုင်းလုံမြို့အပြင် စစ်ကောင်စီထိန်းချုပ်တဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်နဲ့ မိုင်းငေါ့မြို့တို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူများပြားခဲ့ပြီး လက်ရှိ PSLF/TNLA အုပ်ချုပ်ပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အရေးယူမှုတွေကို အထူးဆောင်ရွက်လျက်ရှိနေပါတယ်လို့ TNLA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။