ရှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ သဘက်ကျေးရွာအုပ်စု ၊ နောင်စကာ ကျေးရွာ အနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်း နဲ့ PNLA တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရန်သူစစ်တပ် နဲ့ ယင်းတို့ လက်ပါးစေ ပြည်သူ့စစ် အင်းအား ၃၀၀ ခန့်ပါ အကြမ်းဖက်ပူးပေါင်းစစ်ကြောင်း မှ မနေ့က ၊ ၁၀ နာရီမှ စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ညနေ ၄ နာရီအထိ တိုက်ပွဲ ဖြစ်ပွားပြီး၊လွယ်မောဒေသပြည်သူများကို ရွာအပြင်ထွက်ခွင့်ကို အကြမ်းဖက်စစ်တပ်မှ ပိတ်ပင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဖက်ဆစ်တပ် နဲ့ လက်ပါးစေတွေက ဇွန် ၂၁ ရက်မှာ ဒေခံများကို အစည်းအဝေးခေါ်ကာ ရွာအပြင်သို့ ထွက်ခွင့်မပြုဘူးလို့ ခြိမ်းခြောက် ပြောခဲ့တာအပြင်၊ ပင်အွန်းရွာသူကြီးကိုလည်း ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
လွယ်မောဒေသက ရဟန်းတော်များကိုလည်း သတိထားသွားလာ ကြဖို့ နဲ့ နောင်တွင် သံဃာတော်များကိုပါ စစ်ဆေးမှာဖြစ်ပြီး၊ အစစ်ဆေးမခံပါက PNO ရဲဘော်တွေရဲ့ အမှားမဟုတ်ဘူးလို့ ပြောဆိုသွားတယ်လို့လည်း ဖော်ပြထားပါတယ်။
အထက်ပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် သဘက် ချောင်းကျေးရွာအနီးနားက ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။