စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ပြန်လည်ရယူထားသည့် တီးတိန်မြို့နယ်ရှိ ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း People Defence Army(PDA)-တီးတိန်က ဓာတ်ပုံမှတ်တမ်းများဖော်ပြကာ ချင်းဘာသာဖြင့် ရေးသား အသိပေးထားသည်။
“၂၂ ရက်နေ့မှာ PDAက ကနေဒီတောင်ကို ပြန် သိမ်းတယ်ဆိုတာ သူရေးထားတာပဲ”ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက PDA၏ ရေးသားချက်ကို ဘာသာပြန်ရှင်းပြပေးသည်
အဆိုပါ ကနေဒီတောင်တပ်စခန်းကို PDF ဇိုလဲန်းတပ်ဖွဲ့က ၂၀၂၃ နိုဝင်ဘာတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဇွန်လ ၁၇ရက်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ပြန်လည် ထိုးစစ်ဆင်လာ၍ PDF ဇိုလဲန်းက ဆုတ်ခွာထားခြင်းဖြစ်သည်။
ကနေဒီတောင်စခန်းကို စစ်ကောင်စီက ဇွန်လ ၁၈ရက်တွင် ထိန်းချုပ်နိုင်ခဲ့ရာရက်ပိုင်းအတွင်း၌ပင် PDA တီးတိန်ပါဝင်သည့် ချင်းပြည်ကောင်စီတပ်ပေါင်းစုက ပြန်လည်ဝင်ရောက်နေရာယူထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိန်းချုပ်နိုင်ရန်တိုက်ပွဲဖြစ်ပွားမှု၊ ထိခိုက်ကျဆုံးရှိမရှိ အခြေအနေများကို PDA တီးတိန်ကဖော်ပြထားခြင်းမရှိ၍ ဆက်သွယ်နေဆဲဖြစ်သည်။
ထို့ပြင် တီးတိန်မြို့နယ်အတွင်း၌ပင်ရှိသော သိုင်းငင်း စစ်ကောင်စီတပ်စခန်းကိုလည်း စစ်ကောင်စီက ထိုးစစ်ဆင်လျက်ရှိရာ ချင်းပြည်ကောင်စီ တပ်ပေါင်းစုက ပြန်လည်ခုခံလျက်ရှိသည်။
အဆိုပါ သိုင်းငင်းစခန်းကို ချင်းပြည်ကောင်စီ တပ်ပေါင်းစုက ယခုနှစ်ဇန်နဝါရီတွင် သိမ်းပိုက် ထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယခုထိုးစစ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။