စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာ ဘုန်းကြီးကျောင်း ကို စစ်ကောင်စီလေတပ်က ဗုံးကြဲရာ ဘုန်းကြီး ၁ ပါး နဲ့ အရပ်သား၇ ဦးသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ထံကသိရပါတယ်။
နန့်သာရွာ ဘုန်းကြီးကျောင်းကို မနေ့ (ဇွန်လ ၂၂ ) ညသန်းခေါင်ယံအချိန် ၁၂ နာရီခန့်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာလို့ ABSDF က ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုဟာ ဘုန်းကြီးကျောင်းကိုတည့်တည့်ထိမှန်သွားတာလို့လည်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါးပျံလွန်တော်မူပြီး. ကလေး အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ ဒေသခံ ၁၅ ဦးရှိတယ်လို့ ABSDF ကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း အင်းတော်မြို့နယ် ၊ ခရမ်းစပ်ကုန်းရွာဘုန်းကြီးကျောင်း ကို စစ်ကောင်စီလေတပ်က ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ကပ္ပိယ လည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိပြီး ကချင်ပြည်နယ်အစပ်က အင်းတော်မြို့နယ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန ရဲ့အမှတ် (၁) စစ်ဒေသမှာပါဝင်ပြီး PDF ၊ ABSDF နဲ့ KIA တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာရှိပါတယ်။