ရဟန်းသံဃာတော်တွေကို သတ်ဖြတ်တာ ၊ ဖမ်းဆီးချုပ်နှောင်တာတွေ ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ကြ ဖို့အတွက် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ တပည့်သံဃာတော်များက ဒီနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက်ထဲမှာ ” သံဃာတော် အရှင်မြတ်များ ဘုရား၊ နားဆင်တော်မူကြပါ ဘုရား….။ ရုပ်ရင်း ကြမ်တမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်ပြီး မတရားပြုတဲ့ (ဤသူ၊ ဤသူ)တွေက သံဃာတွေကို အခြေအမြစ် မရှိတဲ့ အကြောင်းပြ စွပ်စွဲချက်တွေနဲ့ ရိုက်ပုတ် နှိပ်စက်နေပါပြီ၊ ဖမ်းဆီးချုပ်နှောင်နေပါပြီ၊ အသက်ကိုပင် အန္တရာယ်ပြု နေပါပြီ ဘုရား…..။ ဘုရား တပည့် တော်များ အနေနဲ့ အဲဒီရုပ်ရင်း ကြမ်းတမ်း ယုတ်မာကောက်ကျစ် သနားကြင်နာမှုမဲ့ ညှင်းဆဲ သတ်ဖြတ်သော (ဤသူ၊ ဤသူ) တွေကို ဘာသာရေးအရ ဆက်ဆံမှုတွေ မလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း အသိပေးလျှောက်ထားပါတယ် ဘုရား………။ ဒီ သပိတ်မှောက် ကံဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောစရာ ဆိုစရာ ရှိပါက ပြောဆို နိုင်ပါတယ် …..ဘုရား။ ပြောမဲ့ဆိုမဲ့ မထေရ်များ မရှိဘဲ ဆိတ်ဆိတ်နေတော်မူကြမယ်ဆိုယင် ဘုရား တပည့်တော်များ သဘောတူတယ်လို့ သတ်မှတ်ပါတယ်…….ဘုရား။” လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို ဇွန် ၁၉ ရက်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သလို ဇွန် ၂၂ ရက်မှာလည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ခန်းနေဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းချိန်ကစတင်ပြီးတော့ ရဟန်းသံဃာတွေကို ဖမ်းဆီး သတ်ဖြတ်နေတာဖြစ်ပြီး မြန်မာနိုင်ငံတဝန်းမှာလည်း နေ့စဉ်နဲ့အမျှ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းက သံဃာတော်တွေက အကြမ်းဖက်စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။