မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရပ်ကျေး စာရေးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၂၄ ရက်နေ့ ၁၁ နာရီ ၅ မိနစ်အချိန် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားအပိုင်၊ ညာဂမိုးအုပ်စု၊ ဖျောက်ဆိပ်ကုန်းကျေးရွာတွင် ညာဂမိုးကျေးရွာ အုပ်ချုပ်ရေးမှူး ညွန့်ဝင်းနှင့် ရပ်ကျေးစာရေး ဌေးဌေးမြင့်တို့ကို သေနတ်သမားများက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
အလားတူ ဇွန်လ ၂၂ ရက်နေ့ မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ကျည်တောက်ပေါက်ကျေးရွာတွင် ကြံ့ဖွတ်ပါတီ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်၊ မဘသ YMBA အဖွဲ့ဝင်လည်းဖြစ်သူ ကျော်ဆွေ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီအချိန်ခန့် ကျည်တောက်ပေါက်ကျေးရွာတွင် ဟန်ထွန်းကွန်ကရစ်လုပ်ငန်းပိုင်ရှင် ကြံ့ဖွတ် ရပ်ကျေးဥက္ကဋ္ဌ နှင့် YMBA အဖွဲ့ဝင် ကျော်ဆွေကို သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်ရာမှ ကျော်ဆွေ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။