ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေမှာရှိတဲ့ မြို့ပြပြောက်ကျားတပ်တွေအတွက် ပြုလုပ်သွားမယ့် “မြို့ပြတွေမှာ မွှေမယ့်ကြွက်” ကမ်ပိန်းအစီအစဥ်မှာ ပါဝင်ပေးကြဖို့ ကမ်ပိန်းတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကကတည်းက စတင်ခဲ့တဲ့ ကမ်ပိန်းကာလဟာ ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး မြန်မာငွေ သိန်း ၂ ထောင် (USD ၄၄၀၀၀) အထိ ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
“အားလုံးသိကြတဲ့အတိုင်း မြို့ပြမှာ ရှင်သန်ရပ်တည် တိုက်ခိုက်နေရတာက လုံးဝမလွယ်ကူပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတာတွေ၊ ပစ္စည်းတွေ ခွေးဆွဲခံရတာတွေ၊ နေရာမကြာခဏ ပြောင်းရတာတွေ ဖြစ်နေကျတွေပါပဲ။ စစ်ခွေး (စစ်ကောင်စီတပ်) တွေလို ပြည်သူဘယ်သူထိထိ လုပ်ထည့်လိုက်မယ်ဆိုတဲ့ လူမဆန်တဲ့စိတ်တွေ ပြောက်ကျားတွေဆီမှာ မရှိပါဘူး။ ပြည်သူတွေ ထိခိုက်မှာစိုးလို့ မစ်ရှင် ဖျက်သိမ်းလိုက်ရတာလည်း အများကြီးပါပဲ” လို့ ကမ်ပိန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။
ကမ်ပိန်းက ရရှိတဲ့ ဝင်ငွေအားလုံးကို UG ထောက်ပို့ တပ်ဖွဲ့ဖြစ်တဲ့ Moon Halo ကနေတဆင့် မြေပြင်ပြောက်ကျား တပ်ဖွဲ့တွေဆီကို တိုက်ရိုက် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
ပါဝင်ထောက်ပို့တဲ့သူတွေ အနေနဲ့ ငွေကြေးပမာဏ နည်းများမဆို ပါဝင်နိုင်ပြီး ကမ်ပိန်း ပါဝင်ကြသူတွေဟာ ဇွန်လ ၂၉ ရက်နေ့မှာ ပြုလုပ်မယ့် ချင်းတိုင်းရင်းသား တော်လှန်ရေး တော်လှန်အနုပညာရှင်တွေရဲ့ ရှိုးပွဲကို အွန်လိုင်းကတစ်ဆင့် နားဆင်နိုင်မယ်လို့ ဆိုပါတယ်။
ကမ်ပိန်းပါဝင်သူတွေအနေနဲ့ For Our Pepople ကတစ်ဆင့် ဆက်သွယ်နိုင်ပြီး ကျပ်၊ ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ပေါင်၊ ယူရိူ၊ ဘတ်၊ ရင်းဂစ်၊ ယန်း၊ ယွမ်၊ ဝမ်၊ ရူပီး စတဲ့ ငွေတွေနဲ့ မိမိရောက်ရှိရာ ဒေသအလိုက် လှူဒါန်းနိုင်ပြီး တားဂပ်အမြန်ဆုံး ပြည့်မီဖို့ရာ ဝိုင်းဝန်းပါဝင်ပေးကြဖို့အတွက် ကမ်ပိန်းတာဝန်ခံတွေက တိုက်တွန်းထားပါတယ်။