ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ကာ စစ်တပ်က မြို့နေပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း ပြုလုပ်ထားကြောင်း စစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ ၊ ခမရ ၁၁၄ နှင့် နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
လက်ရှိချိန်တွင် နောင်ချိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသော စစ်တပ် တပ်စွဲထားသည့် စစ်မှုထမ်းဟောင်းရုံးနှင့် ရဲစခန်း တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ခမရ ၁၁၅ နှင့် ခမရ ၁၁၄ မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် နောင်ချိုမြို့ပေါ်ရှိ ပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း အဖြစ် ပြုလုပ်ထားကြောင်း၊ ထို့ပြင် ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းကိုလည်း စစ်တပ်က ဖြတ်သန်းခွင့် မပေးတော့ဘဲ နန့်လင်းခမ်း ရွာထိပ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်က စစ်ရှောင်လာသည့် ပြည်သူများ၏ ကားများကို ပြန်လှည့်ခိုင်းကြောင်း သိရသည်။
“မြို့ပေါ်မှာ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။ လက်နတ်ငယ် အပြန်အလှန်ပစ်သံတွေ ကြားနေရတယ်။ ပြင်ဦးလွင်-နောင်ချိုလမ်းကိုလည်း စစ်ခွေးတွေက ဖြတ်သန်းခွင်မပေးတော့ပါဘူး။ နန့်လင်းခမ်း ရွာထိပ်ကနေ ကားတွေကို ပြန်လှည်ခိုင်းနေတာပါ အဲနေရာက စစ်ခွေး ဂိတ်ရှိတဲ့နေရာပေါ့။ နောင်ချို ဆေးရုံဘေး မိုးဇလရုံးထဲက စစ်ခွေးတွေက ပြေးကုန်လို့ TNLA နဲ့ PDF တွေနေရာယူထားလိုက်ပြီ နောင်ချိုမြို့ထိပ်က ဆီဆိုင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပါပြီ နောင်ချိုမြို့သိမ်းတိုက်ပွဲ ဆင်နေတဲ့သဘောပါပဲ။ နောင်ချို မြို့ထဲမှာ စစ်ခွေးတွေ ရှိတော့တာဆိုလို့ ပျူရုံးလို့ခေါ်တဲ့ စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းမှာပဲ စစ်ခွေးတွေရှိတော့တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြေဆိုသည်။
ထို့ပြင် နောင်ချိုမြို့ရှိ ခမရ ၁၁၅ တပ်ရင်းထဲကိုလည်း ရှော့တိုက်ဒုံး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ ဒဏ်ရာ အပြင်းအထန်ရရှိသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ နှင့် ခမရ ၁၁၄ တပ်ရင်းများရှိ စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အပြင်းအထန် ခုခံနေရပြီး အထိနာနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။