စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းမှာ အခြေချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူ ဦးစီးတဲ့ တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အမှတ် (၁) စစ်ဒေသကွပ်ကဲပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကသာခရိုင် တပ်ရင်း-၂ နဲ့ အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့က ဇွန်၂၈ရက်နေ့၊ မနက် (၄)နာရီမှ (၁၀) နာရီအချိန်အတွင်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
“အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး တဦးအပါအဝင် (၁၄) ဦး သေဆုံးပြီးအလောင်းရခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက် လေတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာကို တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးရဲဘော် (၂)ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။