လားရှိုး-သိန္နီလမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်တွေ ယနေ့ ဇွန် ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေက သိရပါတယ်။
လားရှိုး-သိန္နီသွားလမ်းဘက် နမ့်ဟူးကျေးရွာအရှေ့ဘက် နမ့်တွန်ရွာနဲ့ ၉ မိုင်ရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်တာပါ။ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ပြီး တပ်တွေ တိမ်ဖြူ-ဆီဆိုင်ရှိတဲ့ ၉ မိုင်ရွာဘက်ကို သွားနေတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အခုကတော့ ရဲစခန်း တိုက်တန်းတွေနဲ့ စျေထဲ တချို့ဆိုင်တွေ ပိတ်ကုန်ပြီ၊ မြို့တော်ခန်းမထဲက စစ်သားတွေ ကားတွေနဲ့ထွက်တာတွေ့တယ်၊ အချို့လဲ နေရာယူနေကြတယ်၊ ၁၆ မိုင်ဘက်မှာ ဖြစ်တာတဲ့ ၊ ဒီက ပစ်ကူပေးတယ်ပြောတယ်၊ အေတီဟိုဘက် နမ့်တွန်း”လို့ လားရှိုး ရပ်ကွက် ၂ က ဒေသခံ ၁ ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လားရှိုးဟာ စစ်ကောင်စီရဲ့ အခိုင်အမာခံစစ်ပြင်ထားတဲ့ နေရာဖြစ်ပြီး အချို့မြို့တွေထက် တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်လာနိုင်တယ်ဒေသခံတချို့က ပြောနေသလို အရင်တစ်ခါလိုပဲ ညှိနှိုင်းသွားမှာပါ ဆိုပြီး နေတဲ့လူတွေရှိနေတယ်လို့သိရကာ မြို့ပေါ်ရပ်ကွက် ၁၂ ခုက မြို့လူထုအများအပြားဟာ မြို့ပေါ်မှာပဲ နေထိုင်နေကြပြီး ကြိုတင်စစ်ရှောင်တာနည်းပါးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ လားရှိုးမှာ လျှပ်စစ်မီးပြတ်တောက်နေသလို စားသောက်ကုန်တွေဖြစ်တဲ့ ဆီနဲ့ဆန်တွေ ရက်ပိုင်းအတွင်း စျေးမြင့်တက်နေပြီး ပရဟိတကားတွေကိုလည်း အသင့်ပြင်ထားဖို့ စစ်တပ်က ပြောထားတယ်လို့ သိရပါတယ်။
ရှမ်းမြောက်မှာ ပြည်ထောင်စု ကုန်သွယ်လမ်းမကြီးပေါ်မှာ အဓိကကျပြီး ရမခစစ်ဌာနချုပ်ရှိတဲ့ လားရှိုးနဲ့ တပ်မ-၉၉ ထိုင်နေတဲ့ မူဆယ်မြို့ကို စစ်ကောင်စီက အထူးခံစစ်ပြင်ထားတာဖြစ်ပြီး ဒရုန်းတပ်တွေနဲ့ အင်အား ထောင်ကျော် ဖြည့်ထားတာဖြစ်တယ်လို့ သိရပါတယ်။