ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တပ်ရင်း(၃)နှင့် စစ်ကောင်စီအကြားတိုက်ပွဲဖြစ်ပွားခဲ့ရာ ခြောက်လအတွင်း စစ်ကောင်စီဘက်မှ ၂၇၀ကျော်သေဆုံးပြီး ၁၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ ထုတ်ပြန်သည်။
KNDO တပ်ရင်း(၃)၏ နယ်မြေဖြစ်သော နတ်သံကွင်း− ကျောက်ကြီး−မူသယ်မှ−တပ်မဟာ၅ နယ်စပ်အထိ ဇန်နဝါရီ ၁ရက်မှ ဇွန်လ ၃၀ရက် အထိ ၆လအတွင်း စစ်ရေးအခြေအနေများကို ယနေ့ (ဇူလိုင် ၁ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကာလအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၉၆ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၂၇၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း KNDOတပ်ဖွဲ့ဝင် လေးဦးကျဆုံးကာ ၁၇ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။
ထို့ပြင် စစ်ကောင်စီတပ်ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း ၆၂ကောင်သေဆုံးပြီး ၄၀မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်သုံးကားသုံးစီးနှင့် ဆိုင်ကယ် (၇)စီးတို့မှာလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီတပ်ထံမှ MA-1 တစ်လက် ၊ MA ကျည် (၁၂၀၀)တောင့်၊ M-14 ငါးလုံး၊ 60 MM (၆)လုံး နှင့် မြင်းသုံးကောင်ကို KNDOမှ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ KNU ညောင်လေးပင်ခရိုင် အုပ်ချုပ် နယ်မြေတွင် KNDOနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF စစ်ကြောင်းများလည်းရှိပြီး အတူ ပူးပေါင်းစစ်ရေးဖော်ဆောင်မှုများလည်းရှိသည်။
ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ လည်း ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူထိခိုက်သေဆုံးမှု၊ဒေသခံများ စစ်ဘေးတိမ်းရှောင်ရမှုများလည်း ရှိသည်။