မတ္တရာနယ်တွင် တာဝန်ကျနေသော စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ်(၉၁၀) တပ်မှတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူအလင်းဝင်ရောက်လာကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း(၂၀) Yoma Yar Zar PDF တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ (ဇွန်လ ၃၀ရက်)က ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)သို့ မန္တလေးတိုင်း၊အောင်မြေသာဇံမြို့နယ်ရှိ အမှတ် (၉၁၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်၀င်းမောင်ဆိုသူသည် MA 1 အမျိုးအစား သေနတ် တစ်လက်၊ ကျည် ၂၃၉တောင့်နှင့်အတူ အလင်းဝင်ရောက်လာကြောင်း တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
၎င်းတပ်ကြပ်သည် မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌ တာဝန်ကျနေစဥ် မေလ ၁၅ ရက်ကတည်းက ၎င်း၏ညီဖြစ်သူမှတဆင့်ချိတ်ဆက် ၍ အလင်းဝင်လိုကြောင်း ဆက်သွယ်ခဲ့ရာမှ ခေါ်ယူပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၂၀)တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“ကျွန်တော်တို့ပြင်ဦးလွင်ဘက်က ပကဖကိုအကူညီတောင်းပြီးတော့ တပ်ရင်းမှူးကိုယ်တိုင်ပဲဦးဆောင်ပြီးတော့ ခေါ်ဆောင်လာခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
အလင်းဝင် တပ်ကြပ်အား ကျပ်သိန်း ၈၀ကျော် ဆုချီးမြှင့်မည်ဖြစ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
တပ်ကြပ်တာဝန်ကျခဲ့သည့် မတ္တရာမြို့နယ်သည် လက်ရှိအချိန်တွင် PDFများ၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုခံနေရပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြားနေသည်။