ရှမ်းတောင်၊ ပင်လောင်း၊ ဖယ်ခုံ တကြောမှာ စစ်ကောင်စီ၊ PNA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူတွေ တိုက်ပွဲကြား ပိတ်မိနေဆဲလို့သိရပါတယ်။
စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တပ်ဖွဲ့က ပအိုဝ်းဒေသကို စစ်ကြောင်း ၄ ကြောင်း အင်အား ၆၀၀ ထက်မနည်း အသုံးပြုပြီး ထိုးစစ်လုပ်နေတာလို့ PNLA က ပြောပါတယ်။
ဇူလိုင်လထဲမှာ ထီဗွာ(ရေဖြူ)ရွာနဲ့ ကယန်းလေးကျေးရွာအတွင်း အိမ်တွေက ပစ္စည်းတွေ ကားနဲ့တိုက်ပြီး အိမ်တွေကို စစ်ကောင်စီက မီးရှို့လို့ နေအိမ် ၁၅အိမ် ကျော်မီးလောင်နေတယ်လို့ သိရပါတယ်။
ဆောင်းပြောင်းကျေးရွာက ပြည်သူ ၃၀၀ ကျော်ကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ပိတ်ဆို့ထားပြီး စစ်ကောင်စီက သူတိုနဲ့ခေါ်ထားကာ လူသားဒိုင်းလုပ်ထားလို့ တော်လှန်ရေးတပ်တွေ အခက်တွေ့နေပြီး ပြည်သူတွေကိုလဲ ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။
ဒဏ်ရာရသူ ၄ ဦးလည်း ဘယ်လိုအခြေအနေရှိမှန်းမသိရသလို ဘယ်လိုစားသောက်နေကြရလဲ မသိရသလို အစုအပြုံလိုက်သေကြေနိုင်တဲ့အနေအထားဖြစ်လို့ အလွန်စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောနေကြပါတယ်။
“လူနာတွေ ဆေးမကုရရင် သွေးထွက်လွန်ပြီးသေနိုင်သလို အသက်ဘေးစိုးရိမ်နေရတယ်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့မကျန်းမာသူတွေပါနေတာ စစ်တပ်က ပြန်လွတ်သင့်တယ်၊ ခုက စစ်ရာဇဝတ်မှုကျူးလွန်နေတာ၊ အရမ်းစိုးရိမ်နေရတယ်၊ ဘာသတင်းမှကို မရတာတိုက်ပွဲဖြစ်နေတယ်ပဲသိရတာ၊ ဒီနေ့ဆို ၃ ရက်ရှိပြီ”လို့ ဆောင်းပြောင်းရွာမှာ ဆွေမျိုးရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနရဲ့ဆက်သွယ်မေးမြန်းမှုကိုဖြေကြားပါတယ်။
ဒေသသတင်း Voice of Pinlaung မှာတော့ တိုက်ပွဲကာလအတွင်း PNA က ဗိုလ်ကြီးခွန်မောင်မွေးဆိုသူသေဆုံးသလို အလံနီတွေမှာPNA စာတမ်းပါသူ ၂ ဦးသေဆုံးနေ တာကို ဖော်ပြထားတာတွေ့ရသလို စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်မှာတော့ ဖယ်ခုံ PDF အကြမ်းဖက် တစ်ကောင်ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ပင်လောင်း၊ ဖယ်ခုံ၊ ဆောင်းပြောင်းဖက်မှာ တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်နေတာဖြစ်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်တွေက ဇွန်လ ၂၀ ရက်ကတည်းက ဟန့်တားတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။