စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို သေစေနိုင်တဲ့ အင်အားအသုံးပြုမှုကို အခိုင်အမာ ဆန့်ကျင်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံကို စစ်လက်နက်တွေ လွှဲပြောင်းမှုကို ဟန့်တားဖို့နဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေ လွှဲပြောင်းတာကို ပိတ်ပင်ဖို့ မူဝါဒထားတယ်လို့ဆိုပါတယ်။
စင်ကာပူရဲ့ ငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်ဖို့ နီးကပ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စင်ကာပူဘဏ္ဍာရေးဌာနတွေက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေကို လွယ်ကူစေမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာတော့ အကြမ်းဖက်စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိဖို့ နိုင်ငံခြားဘဏ်တွေက ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။