ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ် စစ်တောင်းမြစ်ကမ်းဘေးရှိကျေးရွာတွေမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို စစ်ကောင်စီက လုံခြုံရေးချလာတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဇူလိုင်လ ၁ ရက် မနေ့ကစတင်ပြီး စစ်မှုထမ်းသင်တန်းဆင်း တပ်သားတွေကို စစ်ကောင်စီအဖွဲ့တွေ အထိုင်ချနေထိုင်နေတဲ့ ကျေးရွာတွေမှာ လုံခြုံရေးအနေနဲ့ အင်အားတိုးချလာတာလို့ ဆိုပါတယ်။
“မနေ့က ၁၂ ဘီးကားတွေ၊ စစ်ကားတွေနဲ့တရွာမှာ ၅ ယောက်ကနေ ၁၀ ယောက်လောက်ထိ လိုက်ချတာရှိတယ်။ ကျနော်တို့ဘက်ခြမ်းတောင် တက်လာတယ်လို့သတင်းရလို့ တိုက်ဖို့စောင့်နေကြသေးတယ်။ ဒါပေမယ့် မရောက်လာကြဘူး”လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
ဝေါမြို့နယ်က သူရဲသမိန်၊ လက်ပံ၊ မြစ်ကျိုး၊ ညောင်ခါးရှည်၊ အညာစုနဲ့ ကျိုက်ထိုမြို့နယ်ထဲက သိမ်ဇရပ် စစ်တောင်းတံတားပေါ်နဲ့ မုပ္ပလင်ကျေးရွာတို့မှာ အင်အားထပ်တိုးလာတာပါ။
စစ်ရေးအတွေ့အကြုံမရှိသေးတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို စစ်မှုထမ်းသက်ကြာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တွဲပြီးတာဝန်ပေးတာက အတွေ့အကြုံအသစ်ရဖို့ဖြစ်နိုင်သလို အင်အားလိုနေတဲ့နေရာတွေကို အစားထိုးဖြည့်တာလည်း ဖြစ်နိုင်တယ်လို့ အထက်ပါတာဝန်ခံက ခန့်မှန်းပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က သင်တန်းဆင်းထားတဲ့ ပထမအသုတ် ပြည်သူ့စစ်မှုထမ်းသင်တန်းသားတွေဖြစ်ပြီး ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းထဲကနေ သင်တန်းဆင်းလာသူတွေ ဖြစ်ကြောင်း တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာစစ်ကောင်စီဘက်က စစ်တောင်းမြစ်ကမ်းတလျှောက် တပ်အင်အားတိုးချနေပြီး ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်ရင်းတွေမှာလည်း ဟောင်ဝှစ်ဇာအမြောက်လို လက်နက်ကြီတွေ တပ်ဆင်လာနေတယ်လို့ သိရပါတယ်။