ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ပျူစောထီးတွေကို မြို့နယ် ပကဖ ထံကို လွှဲပြောင်းအပ်နှံ့ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)ရဲ့ ရှေ့တန်းတပ်ခွဲ (၂)က ဂန့်ဂေါမြို့နယ်၊ ကုက္ကား ပျူစောထီးရွာအနီး မသင်္ကာဖွယ် လူနှစ်ဦးကို တွေ့ရှိလို့ ဖမ်းဆီးစစ်ဆေးရာ လက်နက်ခဲယမ်းနဲ့တကွ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်နေလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
စစ်သုံ့ပန်းနှစ်ဦးကို တပ်ဖွဲ့ရဲ့ စစ်ကြောရေးအဖွဲ့ကို ဖွဲ့စည်းကာလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်သုဉ့်ပန်းဥပဒေတွေနဲ့ အရေးယူဆောင်ရွက်နိုင် စေရေးအတွက် တပ်ဖွဲ့ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ဂန့်ဂေါမြို့နယ် ပအဖ ဆီကို ဇူလိုင်လ (၃) ရက်မှာ တရားဝင် လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၃) ရက်နေ့မှာ သူတို့ ၂ဦးကိုဖမ်းဆီးရမိပြီး လက်လုပ်ပြောင်းချောသေနတ်အတို တစ်လက်၊ ကပစထုတ် ၅.၅၆ ကျည် ၁၇ တောင့်၊ စကားပြောစက် တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ ကုက္ကားကျေးရွာက ပျူစောထီးသန်းလွင် (၅၆ နှစ်)နဲ့ သန်းထွေး (၅၈ နှစ်) တို့ဖြစ်ပြီးလိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ဖို့ တပ်ဖွဲ့ဌာနချုပ်ရှိ အချုပ်ထောင်မှာ တပ်ဖွဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အခြေခံ လူ့အခွင့်အရေးစံ တန်ဖိုးတွေကို မထိခိုက်စေဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။