မြန်မာနိုင်ငံတစ်ဝှမ်း အကျဉ်းထောင်တွေမှာ ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ ရရှိရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM)က လစဉ် ၁ ရက်နေ့တိုင်း “အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး” ဆိုတဲ့ ဓါတ်ပုံကမ်ပိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တဲ့ အကျဉ်းသား ၈ ဦးနဲ့ ထောင်တွင်းနှိပ်စက်ခံရပြီး ပြင်ပဆေးရုံတွေကို အချိန်မီ မပို့ဆောင်နိုင်တာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ကျဉ်း ၉ ဦးအထိ ရှိခဲ့တာကြောင့် အကျဉ်းသားတွေ အနေနဲ့ လုံလောက်တဲ့ အခွင့်အရေးရရှိဖို့ အခုလို ကမ်ပိုင်းပြုလုပ်ရတာလို့ ဆိုပါတယ်။
“ထောင်ထဲက ဆေးရုံဆိုတာ အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ဆေးကုသခွင့် ရရှိဖို့ ဖွင့်လှစ်ထားတဲ့ နေရာတွေ ဖြစ်တယ်။ အခုက ထောင်တွင်းဆေးရုံတွေဆိုတာ နိုင်ကျဉ်းတွေကို ကူညီစောင့်ရှောက်ဖို့ မဟုတ်ဘဲနဲ့ နိုင်ကျဉ်းတွေ မသေခင်မှာ ယာယီထားတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးတွေ မရှိဘူး၊ ဆေးကုသခွင့် မရဘူးဆိုတာ ပြည်သူတွေ သိစေချင်လို့ အခုလို ကမ်ပိန်းပြုလုပ်ရတာပဲ ဖြစ်ပါတယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ဖြစ်သူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနဟာ တိုက်ပွဲနဲ့ နီးကပ်နေတဲ့ နေရာတွေမှာ နိုင်ကျဉ်းတွေအပေါ် ဖိနှိပ်မှုတွေ မလုပ်ရဲပေမယ့် စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေက အကျဉ်းထောင်တွေမှာတော့ နိုင်းကျဉ်းတွေကို ရန်သူသဖွယ် သဘောထားပြီး ညဉ်းပန်း နှိပ်စက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် PPNM အနေနဲ့ နိုင်ကျဉ်းမိသားစုဝင်တွေက ပို့ပေးတဲ့ ဆေးဝါးတွေကို အပြည့်အဝ လက်ခံပေးဖို့၊ ထောင်တွင်း လုံလောက်တဲ့ဆေးဝါး ရရှိဖို့၊ မကျန်းမာတဲ့ နိုင်ကျဉ်းတွေကို လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိဖို့၊ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံတွေဆီ အချိန်မီပို့ဆောင်ပေးဖို့ စတဲ့ ၄ ချက်ကို ဓါတ်ပုံကမ်ပိန်းနဲ့အတူ တောင်းဆိုရတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့တွေမှာ ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့ကလည်း အိုးဘိုထောင်ကနေ မကွေးထောင်ကို ပြောင်းရွှေ့လာတဲ့ နိုင်ကျဉ်း ၄၀ ကျော်ကိုလည်း ၁၄ ရက်တိတိ ခြေကျဉ်းဝတ်ဒေါက် ခတ်ထားခဲ့ပြီး တစ်ရက်ကို ရေ ၁၅ ခွက်ပဲ အသုံးပြုခွင့်ပေးတယ်လို့ သိရပါတယ်။