ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာတိုက်ပွဲတွင် သေ ဆုံး ခဲ့သော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင် အပါအဝင် စစ်သည် ၁၂ ဦးကို ပျောက်ဆုံးစစ်သည်များ၏ စာရင်းသွင်းလိုက်ပြီး ကျန်ရစ်သူမိသားစုအနေဖြင့် အသက်အာမခံနှင့် လျှော်ကြေးများ မရရှိကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်အခြေစိုက် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်း၊ ဗိုလ်ကြီးဇင်မင်းထွန်း အပါ အဝင် စစ်သည် ၁၂ ဦးသည် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းတိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ သို့ရာတွင် ပျောက်ဆုံးစာရင်းသွင်းပြီး အသက်အာမခံကြေးနှင့် လျှော်ကြေးကို ကျန်ရစ်သူ မိသားစုများက မရရှိကြောင်း သိရှိရသည်။
“သေဆုံးအရာရှိ စစ်သည်တွေရဲ့ နယ်က မိဘတွေကို တပ်ကိုလာဖို့အကြောင်းကြားပြီး တပ်ရောက်မှသေဆုံးကြောင်းပြောပါတယ်။ ငိုချင်ရင်တပ်ထဲမှာပဲ ငိုပြီးအပြင်မပေါက်ကြားစေဖို့ မိသားစုဝင်တွေကို မှာတယ်။ နာရေးရက်လည် လုပ်အပြီးမှာ သေဆုံးသူတွေအားလုံးကို ပျောက်ဆုံး အနေ နဲ့ ပဲဆက်လက်တင်ပြတယ်။ အဲဒီတော့ အသက်အာမခံ လျှော်ကြေးလည်း မရတဲ့အပြင် ဂရက်ဂျူတီလိုချင်ရင် အလောင်းပြနိုင်မှ ရမယ်ဆိုပြီး ကျန်ရစ်သူ မိသားစုကို ပြောပါတယ်။ အဲဒါကို သသနတပ်မှူး ဗိုလ်ချုပ်စိုးမြင့်မောင်က စီမံ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု တပ်အသိုင်းအ၀ိုင်းက ရှင်းပြသည်။
ပြင်ဦးလွင် သသနတပ်မှ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်မှာ DSA အပတ်စဉ် ၄၃ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ကြီးဇင်မင်းထွန်း -DSTA အပတ်စဥ် ၁၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးမှု များပြားနေသည့်အတွက် လက်ရုံးတပ်များ၊ ပညာသည် အရာရှိနှင့် စစ်သည်များကိုပါ ရွေးထုတ်၍ စစ်တိုက်ခိုင်းမှုများကို တောက်လျောက်ဆိုသလို ဆောင်ရွက်လျက်ရှိကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။