တာချီလိတ်မြို့မှာ ဖမ်းဆီးရမိတဲ့ ကျားဖြဲန် တရုတ်ငွေလိမ်ဂိုဏ်းတွေရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး အထက်ကို လူဦးရေလျော့ပြကာ လာအိုနိုင်ငံဘက်ကို ပြန်ရောင်းစားနေတယ်လို့ စုံစမ်းသိရပါတယ်။
ငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသားတွေကို စစ်ဗျူဟာ(အခြေချ)က တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့(စရဖ)ပေါင်းပြီး ဖမ်းမိတဲ့ လူဦးရေကို လျော့ပြကာ ဂိုဏ်းခေါင်းဆောင်ဖြစ်သူဆီကိုဘဲ ပြန်ရောင်းပြီး လာအိုနိုင်ငံအရောက် မဲခေါင်မြစ်ကမ်းအထိ လိုက်လံပို့ဆောင်ပေးနေတာလို့ သိရပါတယ်။
“ဖမ်းတယ်လို့သာပြောတာ အဲ့တရုတ်တွေက ပြီးရင် လာအိုရောက်ကုန်တာ၊ ဖမ်းပြီးတာနဲ့ ပြန်ရွေးဖို့ တစ်ခါတည်းချိတ်ဆက်ထားကြတာ၊ ပြီးရင် ဖမ်းတဲ့အိမ်က ကွန်ပျူတာတွေ၊ ခုံတွေ၊ ကားတွေအကုန်လုံး သူတို့သိမ်းသွားတာ သက်သေခံတင်တယ် တခါမှ မကြားဘူး၊ ရေခဲသေတ္တာတွေ အဲကွန်းတွေအပြင်မှာ ပြန်ရောင်းစားနေကြတာဘဲ”လို့ တာချီလိတ် ဒေသခံတစ်ဦးက ပြောပါတယ်။
ကျားဖြဲန် တရုတ်ငွေလိမ်ဂိုဏ်းတွေဆက်တိုက်ဖမ်းဆီးပေမယ့် အမှုဖွင့်အရေးယူမှုတွေမှာ ငွေလိမ်ဂိုဏ်က အတွင်းပစ္စည်းနဲ့ ကား၊ ဆိုင်ကယ်၊ ငွေကြေးတွေကို သက်သေခံပစ္စည်း အပြည့်အဝ တင်ပြတာတွေမလုပ်ဘဲ ဖမ်းဆီးတဲ့ အဖွဲ့တွေက ယူငင် အသုံးပြုနေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားတစ်ဦးကို ဘတ်ငွေ ၃ သိန်းနဲ့ ၅ သိန်းကြား ဈေးပေါက်ပြီး ဇူလိုင် ၂ ရက်နေ့က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(အတွင်း)က နေအိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား ၅၀ ဦးလောက်ရှိပေမယ့် ၁၃ ယောက်သာ အဖမ်းပြပြီး ကျန်တဲ့ လူဦးရေ ၃၀ ကျော်ကို ပြန်ရောင်းစားခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၈ ရက်နေ့ကဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား အပါအဝင် လူဦးရေ ၃၀၀ နီးပါးကို တြိဂံတိုင်းအမိန့်နဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေ ဖမ်းဆီးတာကြောင့် ရောင်းစားလို့လဲမရသလို ငွေကြေးနဲ့ညှိပြီး ပြန်ထုတ်ဖို့မရဘူးလို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဆက်စပ်တဲ့ တာချီလိတ်လုပ်ငန်းရှင်တွေနဲ့ နေအိမ်ငှားရမ်းပေးသူတွေကို ထိရောက်စွာ အရေးယူဖို့ တြိဂံတိုင်းကညွှန်ကြားထားတယ်လို့ သိရပါတယ်။