ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ဇွန်လ ၂၅ရက်မှ ယနေ့ (ဇူလိုင် ၆ရက်)အထိ အရပ်သား ၄၄ဦး သေဆုံးကာ ၅၇ ဦးဒဏ်ရာရခဲ့ဟု တအာင်းတပ်မတော်(TNLA) က သတင်းထုတ်ပြန်သည်။
တိုက်ပွဲ ၁၂ရက်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဖော်ပြထားသည်။
လားရှိုးဒေသခံအချို့၏ ပြောကြားချက်တွင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ကောင်စီကို ပစ်ခတ်သည့် ရှော့တိုက်ဒုံးအချို့လည်း ပစ်မှတ်လွဲပြီး လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲ လူထိခိုက်သေဆုံးမှုဖြစ်စဉ်အချို့ ရှိခဲ့သည်ဟုဆိုသည်။
အရပ်သား သေဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ လားရှိုးနှင့်ကျောက်မဲ မြို့နယ်များဖြစ်ပြီး ယင်းမြို့နယ် ၂ခုပင် အရပ်သား ၃၀ဦး ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အရေအတွက်လည်းများပြားခဲ့သည်ကို တွေ့ရသည်။
သေဆုံးမှုအတွင်း နောင်ချိုရှိ ဒေသခံအမျိုးသမီး နှစ်ဦးအား စစ်ကောင်စီကပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ပါဝင်ကြောင်း ဖော်ပြသည်။
ယနေ့ (ဇူလိုင် ၆ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၇)ရှိ စိတ္တသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်သုံးပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အသိပေးသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ပြည်သူလူထုများအားဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံး ဗုံးကြဲခြင်းများပြုလုပ်လျှက်ရှိပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း TNLAက ထုတ်ပြန်သည်။
တိုက်ပွဲကာလအတွင်း လေကြောင်း၊ လက်နက်ကြီးများကြောင့် ဘုန်းကြီးကျောင်း၊စာသင်ကျောင်းအပါအဝင် နေအိမ် အဆောက်အဦး ၇၀ကျော် ထိခိုက်ပျက်စီးကာ ဒေသခံ သောင်းချီ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြထားသည်။