စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင် ၇ရက်မှာ ပုလဲမြို့နယ် မြို့ထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး ပုလဲမြို့ထဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်တဲ့ စုပေါင်းရုံး၊ ရဲစခန်းနေရာ၂နေရာလုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့ကို ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့ပြီးတော့ တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်၂ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကာ အဲဒီပြည်သူ့စစ်နှစ်ဦးကို မြို့နယ် ပအဖအဖွဲ့ထံကို အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အနောက်မြောက်စစ်ဒေသ-အမှတ်(၈၁၅)တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) – Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။