မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၇)ညကစ၍ လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု တိုက်ခိုက်နေပြီး ယနေ့ညနေတွင်လည်း လူနေရပ်ကွက်များအတွင်းလေကြောင်းမှတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်ရပ်ကွက်အပါအဝင် အရပ်သားများရှိနေသည့်နေရာများကို တိုက်ခိုက်နေခြင်းဟု သိရသည်။
” လေယဉ်ကနေပစ်ချတာ။ အသံကကြောက်စရာကြီးပါ။ လက်နက်ကြီးတွေနဲ့လည်းပစ်နေလို့ ဒေသခံတွေက လှိုင်ဂူထဲ သွားနေကြရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့(ဇူလိုင် ၈ရက်)နံနက်မှ ညနေ ၅နာရီခန့်အထိ လေကြောင်းနှင့်လက်နက်ကြီး ၉ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုရှိ၊မရှိကို လတ်တလောမသိရှိရသေးပေ။
ယနေ့ ညနေ၄ နာရီခွဲခန့်က လက်နက်ကြီးပစ်ခတ် မှုတွင် မြို့လယ်ရပ်ကွက် လမ်းလေးဆုံအနီးရှိ လူနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သတင်းရရှိသည်။
ယမန်နေ့ ညက ပစ်ခတ်သော လက်နက်ကြီးသည် ပန်းမထိပ်ရပ်ကွက် နိမ္မိတာရုံကျောင်းကျောင်းတိုက်ထိမှန်ခဲ့ပြီး ဘုရားဆင်းတုတော်အချို့နှင့် အဆောက်အအုံ အစိတ်အပိုင်းအချို့လည်းပျက်စီးခဲ့သည်။
တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ပိုင်း၊ ဘော်လုံးကြီးကျေးရွာကို ဇူလိုင် ၅ရက်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့သေးသည်။
တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့်ဇွန်လ ၂၇ရက်က စစ်ကောင်စီသည် လေကြောင်းမှ တိုက်ခိုက်ရာ မိုးကုတ်မြို့ရှေ့ပိုင်း၊ရှမ်းတောရပ်ရှိ ဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကိုရင်ငါးပါး ဒဏ်ရာရခဲ့သည်။ ယင်းတို့အနက် တစ်ပါးပျံလွန်သည်။
တိုက်ပွဲကာလအတွင်း သေဆုံးသူအရပ်သား ၁၀ဦးထက်မနည်းရှိကြောင်း ဒေသခံများကပြောသည်။