ရှမ်းပြည်မြို့တော်၊ တောင်ကြီးမြို့မှာ အိမ်ငှားခတွေ ဈေးနှုန်းမြင့်ပြီး အနည်းဆုံး ၆လ၊ တစ်နှစ် စာချုပ်တွေ ဖြစ်နေတာကြောင့် ရှမ်းမြောက်က ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တွေအတွက် နေထိုင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတွေဟာ တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်နေရာတွေကို ပြောင်းရွှေ့ခိုလှုံနေကြရပြီး ဘုန်းကြီးကျောင်း အများစုက လက်မခံကြတဲ့အတွက် အခုလို အိမ်ငှားနေထိုင်နေရတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“၆ လထိတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ထည်နဲ့ ပြေးလာရတဲ့။ ရှိတဲ့ဆိုင်ကယ်တောင် မသယ်နိုင်တာ ဒီရောက်တော့ ၆ လချုပ်ဆိုတော့ စိတ်ကဒုန်းဒုန်းကျသွားတာပဲ။ ကျမတို့က ညှိတယ် ဈေးလည်းပိုပေးမယ် ၃ လပဲထားပေး။ ဒီမှာက ငွေဖော်မရသေးလို့ ပြောလည်း လက်မခံဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
အိမ်ငှားခအနေနဲ့ အနည်းဆုံး ငွေကျပ် ၂ သိန်းကစပြီး နေထိုင်မယ့် လူဦးရေ စာရင်းကိုလည်း အတိအကျ ပြောရတဲ့အပြင် သတ်မှတ်လူဦးရေထက် ပိုရင်လည်း အိမ်းဌားခ ထပ်ဆောင်းပေးရတာကြောင့် ငွေကြေးမပြေလည်သူတွေအတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒါ့အပြင် အိမ်ရှင်တချို့က စစ်ဘေးရှောင်တွေကို မငှားတာ၊ တချို့ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေမှူးတွေက အာဏာပြ ခြိမ်းခြောက်တာတွေလည်း ကြုံနေရတာကြောင့် နီးစပ်ရာ အေးသာယာ၊ ရွှေညောင် စတဲမြို့တွေကို ပြောင်းရွှေ့ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“ဂိတ်တွေမှာလည်း လမ်းက ပိတ်ပါတယ်။ ဘယ်သွားမလဲ၊ ဘယ်ကလာလဲ ဖြေနေရတာတွေက တစ်ဒုက္ခ။ တောင်ပေါ်ရောက်တော့လည်း သူတောင်းစားက ထပ်တွေ့တယ်။ ပွဲစားတွေ၊ အိမ်ရှင်တွေ စစ်ရှောင်ဆို မငှားရဲဘူးဆိုတာလည်း ရှိတယ်။ ဧည့်စာရင်းတော့ တိုင်ရတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
တောင်ကြီးမြို့ကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင်တွေတိုင်း ရပ်ကွက်တိုင်းလိုလို ဧည့်စာရင်းတိုင်ရပြီး အရေးပေါ်ထွက်ပြေးလာလို့ မှတ်ပုံတင် ကျန်ခဲ့သူတွေက သေချာစစ်ဆေးမှု ခံယူရတယ်လို့ အိမ်ရှင်တချို့ဆီက သိရပါတယ်။
တောင်ကြီးမြို့မှာ စစ်ဘေးရှောင် ခန့်မှန်းခြေ ၃ ထောင်ကျော်ခန့် ရှိပြီး ရှမ်းဘုန်းကြီးကျောင်းတချို့က ရှမ်းလူမျိုးအချင်းချင်း ခေတ္တ ခိုလှုံ့ခွင့် ပြုတာကလွဲရင် ကျန်တဲ့ ဘုန်းကြီးတွေမှာ စစ်ဘေးရှောင် လက်မခံကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။