ချောင်းဦးမြို့မစျေးတွင် ဗိုလ်ကတော်တစ်ဦး စျေးဝယ်လာချိန် လုံခြုံရေးယူပေးသည့် ရဲဒုတပ်ကြပ်တစ်ဦး ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၆ ရက် နံနက် ၇ နာရီခန့်က ချောင်းဦးမြို့မစျေးသို့ စျေးလာဝယ်သည့် စစ်ကောင်စီတပ်၏ ဗိုလ်တစ်ဦး၏ ဇနီးဖြစ်သူသည်ဈေးဝာ်လာချိန် အရပ်ဝတ်ဖြင့် လက်နက်လွယ် လုံခြုံရေးယူပေးနေသော ချောင်းဦးမြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် စည်သူဖြိုးဝေဆိုသူအား ဓါးဖြင့်ထိုးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင်အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ ၄၏ တပ်ခွဲမှူး ကိုမိုးက ပြောသည်။
“သူ့မှာ တခြားရဲဘော် လေးယောက်ပါတယ်။ လေးယောက်က တခြားမှာခွဲဝယ်နေတာ။ သူကဗိုလ်ကတော်ရဲ့ဘေးမှာ G3လွယ်ပြီး လုံခြုံရေးလိုက်နေတဲ့အချိန်မှာ ဟိုလေးကောင်နဲ့အကွဲမှာ ဓါးနဲ့ ရှင်းခဲ့တာ။ အစကတော့ ကျွန်တော်တို့က အတိုပါတယ်။ အတိုနဲ့ရှင်းမယ်ဆိုတဲ့အချိန်မှာ သူတို့ရဲဘော်ငါးယောက်ကွဲသွားတဲ့အချိန် အတိုသမားက အရန်သင့်မရှိတော့ အနားမှာနီးတဲ့ရဲဘော်က ဓါးနဲ့ဝင်ရှင်းခဲ့တာ။”ဟု တပ်ခွဲမှူးက ရှင်းပြသည်။
ရဲဒုတပ်ကြပ်ကိုင်ဆောင်သည့် BA 63 (G- 3)သေနတ် တစ်လက်၊ ၇.၆၂ မမ ကျည် ၄၀ တောင့်ပါ ကျည်ဘောက် ၂ခု နဲ့ ဖုန်း တစ်လုံးကို မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ ၄၏ ရဲဘော်များက သိမ်းဆည်းရရှိခဲ့သည်။
ရဲဒုတပ်ကြပ်သေဆုံးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ စျေးပိတ်ခိုင်းပြီး စျေးသည်များအား ဒူးထောက်ထိုင်ခိုင်းကာ စစ်ဆေးခြင်း၊ အနီးဝန်းကျင်ဖြတ်သန်းသွားလာသူများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစစ်ဆင်ရေးအား တစ်ပတ်ခန့်ကြိုတင်၍ မုံရွာခရိုင်အမှတ် (၁၂)တပ်ရင်း၊ တပ်ခွဲ ၄သည် စစ်အုပ်စု၏ စျေးဝယ်သွားလာမှုအခြေအနေကို လေ့လာပြင်ဆင်ခဲ့ကြောင်း သတင်းရရှိသည်။