ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ စန်ဖြတ်ရွာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင် ယာဉ်တန်းတွေကို တားဆီးထားတာကြောင့် လားရှိုးမြို့ခံတွေ ပိတ်မိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၉ မနက်ပိုင်းက ထွက်လာတဲ့ ကားတိုင်းကို တားဆီးနေပေမယ့် အဝင်ကိုတော့ ကြိုက်သလောက် ခွင့်ပြုထားတာကြောင့် လူသားဒိုင်းလုပ်မယ့် အခြေအနေ ဖြစ်နိုင်တယ်လို့ စစ်ဘေးရှောင်တစ်ဦးက သုံးသပ်ပါတယ်။
“ရှောင်တာမရှောင်တာတော့ ကိုယ့်သဘောနဲ့ ဆုံးဖြတ်ကြပါ။ အခြေအနေက အမြဲပြောင်းနေတာဆိုတော့ လမ်းက ပြန်ဖွင့်ပေးနိုင်ပါတယ်။ မြို့ထဲမှာတော့ ဘယ်လိုမှ မလုံခြုံတော့ပါဘူး” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
စန်ဖြတ်ရွာဂိတ်မှာ ငွေကြေးမြောက်များစွာ ပေးတဲ့လူတွေကိုလည်း စစ်ကောင်စီတပ်က ဖြတ်ခွင့်မပြုဘဲ မြို့တွင်းကို ပြန်ဝင်ခိုင်းနေပြီး မသင်္ကာဖွယ် ဖြစ်တဲ့လူတွေကို ကားပေါ်က ဆွဲချဖမ်းဆီးတာ၊ ခေတ္တချုပ်ထားတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
“ဖုန်းလိုင်းကတော့ မရတာများတယ်။ ကုန်းမြင့်တွေမှာဆို MPT ရတယ်။ Mytel လည်း တော်တော်များများရတယ်။ ဖုန်းလိုင်းမမိတဲ့အချိန် တခုခု ဖြစ်နိုင်လို့ ရှောင်ရင်တော့ အကောင်းဆုံးပါ။ လမ်းကတော့ ပြန်ဖွင့်ပေးမယ်လို့ သတင်းရပါတယ်။ အချိန်ကတော့ မသိသေးဘူး” လို့ မြို့တွင်းကျန်ရှိနေသေးသူ ပြောပါတယ်။
လတ်တလောမှာ တောင်ကြီးဘက်ကို တက်လာနေတဲ့ ယာဉ်တန်းတွေဟာ များလွန်းတာကြောင့် ယာဉ်ကြော ပိတ်တာတွေနဲ့အတူ လမ်းခရီး ၃ ဆခန့် ပိုကြာနိုင်ပြီး လမ်းတစ်လျှောက် ဘာဆိုင်မှ မရှိတာကြောင့် ရိက္ခာတွေ သယ်လာကြဖို့ လမ်းရောက် စစ်ဘေးရှောင်တွေက သတိပေးပါတယ်။
လားရှိုးမြို့ရဲ့ ခံစစ်အထိုင်ဖြစ်တဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ ၅၀၇)ကို ကိုးကန့်တပ်မတော် (MNDAA)က သိမ်းပိုက်ပြီးနောက် မြို့တွင်းမှာ တိုက်ပွဲ ပြင်းထန်နေပြီး နေရာအနှံ့အပြားကို လက်နက်ကြီးကျရောက် ပေါက်ကွဲနေတာကြောင့် အမြန်ဆုံး တိမ်းရှောင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။