ရန်ကုန်မြို့တွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲဖြစ်ပြီး ၄ ရက်အတွင်း ဝမ်းပျက်လူ ၂၄၁ ဦးရှိကာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀ ဦးရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တွင် ၄ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၂၄၁ ဦး ဆေးရုံတက် ကုသမှု ခံယူရပြီး ကာလဝမ်းရောဂါ ဖြစ်ပွားသူ ၂၀ ဦး ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၃ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျော လူနာ ၄၄ ဦး ဆေးရုံတင်ကုသမှုခံယူရကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦး ဆေးရုံတင်ကုသမှု ခံယူရကြောင်း၊ ဇူလိုင်လ ၉ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှော လူနာ ၆၄ ဦး ရှိခဲ့ကြောင်း ၊ ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်လူနာ ၂၄၁ ဦးရှိကြောင်း သိရှိရသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှော လူနာများတွင် မူလ ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၅ ဦးရှိပြီး ယင်းတို့အနက်မှ ၁ ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ဝမ်းပျက်ဝမ်းလျှောသူ လူနာ ၄၄ ဦးအနက်မှ ၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ခေါ်) ကာလဝမ်းရောဂါ ဖြစ်ပွားကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ ဝမ်းပျက်ဝမ်းလျှော လူနာ ၆၀ ဦးအနက်မှ ၆ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း ၊ ဇူလိုင်လ ၉ ရက်နေ့ ဝမ်းပျက်လူနာ ၆၄ ဦးအနက်မှ ၇ ဦးမှာ ကာလဝမ်းရောဂါ (ခေါ်) ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါ ကူးစက်ခံရကြောင်း သိရှိရသည်။
စစ်ကောင်စီက သာကေတနှင့်ဒေါပုံတို့တွင် လမ်းဘေးစားသောက်ဆိုင်များကို ယာယီပိတ်ထားခြင်း၊ ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုလုပ်ငန်းများကို ဆောင် ရွက် နေပြီး စျေးများကိုလည်း စစ်ကောင်စီက ကြီးကြပ်စစ်ဆေးမှုများ လုပ် ဆောင်နေကြောင်း သိရှိရသည်။