ရန်ကုန်မြို့ ဗဟန်းမြို့ နယ်လင့်လမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ အကြမ်းဖက်စစ်တပ်နှင့် ရဲများ ကင်းစောင့်နေသည့် ယာယီလုံခြုံရေးကင်းတဲကို ဖောက်ခွဲတိုက်ခိုက်ရာ ရဲ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း God’s Hand Forces (GHF) ၏ တာဝန်ရှိသူက ပြောဆိုသည်။
ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်အချိန် ထိုသို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ထိသွားတာက ရဲ ၂ ယောက်ဗျ။ ပြန်ပစ်တာ မရှိဘူး။ အခင်းဖြစ်ပြီး သိပ်မကြာဘူး မီးတန်းကားပေါ့ ရောက်လာတယ်။ ဆေးရုံကားလည်းပါတယ်။ဆေးရုံကားနဲတော့ ရဲ ၂ ယောက် တင်သွားတယ်လို့ ယူဆရတယ်။ ကျနော်တို့ စောင့်ကြည့်နေတာ ကြာပြီဗျ။ ညနေဘက်ဆိုရင်တော့ စစ်သားတွေ၊ ယာဉ်ထိန်းရဲတွေပါ ပါတယ်။ ယာယီတဲလေးတွေနဲ့ Tent ထိုးကြတာ” ဟု God’s Hand Forces (GHF) ၏ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ” M 043 စစ်ဆင်ရေး “၏ တစ်စိတ်တစ်ဒေသအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေနှင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သောဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများလှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံကြောင်းလည်း God’s Hand Forces (GHF) ၏ တာဝန်ရှိသူက ပြောဆိုသည်။