ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်တွေကို မှတ်ပုံတင်စစ်ဆေးပြီး မှတ်ပုံတင်မပါတဲ့သူတွေကို မြို့ဝင်ခွင့် မပြုဘူးလို့ သိရပါတယ်။
ကျေးရွာဒေသခံတွေဟာ မြို့ဝင်လာရင် မှတ်ပုံတင်တွေစစ်ဆေးပြီး တစ်ခြားမြို့နယ်ကလာတဲ့ သူတွေကိုလည်းမှတ်ပုံတင်တွေကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဘယ်ကလာလာ အကုန်မှတ်ပုံတင်စစ်နေတယ် မပါတဲ့သူတွေကတော့ မြို့ထဲဖြတ်ခွင့်မပြုဘူး။ ဒီရက်ပိုင်းပဲ အရမ်းစစ်ဆေးနေတယ်၊ နမ့်စန်က ဘာမှ မဖြစ်တာ သူတို့ဘာတွေစစ်နေမှန်းမသိဘူး၊ တစ်ချို့ရွာကလူတွေ မြို့မှာဈေးလာဝယ်တာ မှတ်ပုံတင်မပါလို့ ဂိတ်ရောက်တော့ မပေးဝင်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်လင်လာတဲ့လမ်း အဝင်ဂိတ်နဲ့ မိုးနဲဘက်က လာတဲ့လမ်း အဝင်ဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မပါခဲ့သူတွေဟာ လာရာလမ်းပြန်လှည့်ရတယ်လို့ သိရပါတယ်။
မြို့နယ်တိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်ဂိတ်တွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အဆိုပါနမ့်စန်မြို့နယ်မှာက မြို့ထဲနေတဲ့သူတွေလည်း မြို့အပြင်ထွက်ခဲ့ပြီး ပြန်ဝင်လာခဲ့ရင် မှတ်ပုံတင်ပါမှသာ မြို့ထဲပြန်ဝင်ခွင့်ရခဲ့ပါတယ်။
နမ့်စန်မြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်စုံတဲ့ RCSS၊ SSPP၊ မတ်ကျန်းပြည်သူစစ်၊ ဟိုမိန်းပြည်သူစစ်၊ နားရိုင်းပြည်သူစစ်နဲ့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားနေထိုင်ပြီး မြို့အတွင်းမှာ စစ်ကောင်စီ လေတပ်စခန်းတွေရှိနေပါတယ်။