ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများကို ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးပြီး ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စနစ်ကို စတင်အသုံးပြုနေရကြောင်း သိရှိရသည်။
စစ်ကောင်စီက ဘဏ်များတွင် ငွေကြေးလိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနေပါသည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေထုတ်ယူသူများ များပြားခဲ့ကြောင်း၊ သို့ရာတွင် ငွေထုတ်လိုသည့်ပမာဏအတိုင်း မရရှိကြဘဲ ငွေကျပ် ၂ သိန်းမှ ၅ သိန်းသာ ရရှိကြောင်း ငွေထုတ်ယူသူများက ပြောဆိုကြသည်။
“KBZ (စမ်းချောင်း)မှာ သွားစောင့်နေတာ ။ မနက်ကနေ ၂ နာရီကျော်တဲ့အထိပဲ။ ၂ သိန်းပဲရတယ်။ လူကတော့ များချက်ပဲ” ဟု ငွေထုတ်ယူခဲ့သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧရာ၀တီဘဏ်၊ UAB ဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အများစုတွင်လည်း ငွေထုတ်ရခက်ခဲနေပြီး တချို့ဘဏ်များတွင်မူ လိုအပ်သလောက် မရသော်လည်း ငွေကျပ် သိန်း ဆယ်ဂဏန်းခန့် ရရှိကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် ရာခိုင်နှုန်းဖြင့် ငွေလဲသည့် စျေးကွက်ပြန်လည် စတင်နေပြီး ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ငွေကြေးပမာဏနှင့် ငွေသားရရှိမှု လွယ်ကူမှုအပေါ် မူတည်၍ လဲလှယ်နေကြပြီဖြစ်ကြောင်း သိရှိရသည်။