ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ်ထံ သတင်းပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ပြောဆိုသည်။
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ ၁၈၀ ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများထဲတွင် မူးယစ်ဆေးဝါးသုံးစွဲနေသ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် စစ်တပ်ကို သတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။
TNLA သည် ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူများ အနေဖြင့် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းကို ထွက်ပြေးခိုအောင်းခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူကာ နေအိမ်များ ပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ပြည်သူလူထုများ၏ နေအိမ်များကို ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူနေသူ ၂ ဦးနှင့် စစ်ကောင်စီ အမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ ၁ ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ ၂ ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က လိုက်လံ ကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အား သတင်းပေးသူ ၁၆ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့ကြောင်း၊ ၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။