တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်၊ သဗျာကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အသက် (၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဒီမိုကရေစီ လှုပ်ရှားမှု သပိတ် ကော်မတီ-ထားဝယ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေး တပ်ဖွဲ့တို့ ဇူလိုင် ၁၀ ရက်၊ နေ့လည် ၃ နာရီ အချိန်ခန့်မှာ နှစ်ဖက် တပ်ဖွဲ့ကြား ထိတွေ့ ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ဗုံးခိုးကျင်းထဲ ဝင်ပုန်းနေတဲ့ မသက်ထားခိုင် (ခ)ဝိုင်းလေး က ရန်သူစစ်တပ် ဖမ်းဆီးထားတဲ့ အဖေ နဲ့ အမေ တို့ကို စိုးရိမ်ပြီး ထွက်ကြည့်စဥ် ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ ပစ်ခတ်မှုမှာ လက်မောင်းဆုံကို ကျည်ဆံ ထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီး ကျဆုံးခဲ့ရတာပါ။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ အနေနဲ့ မသက်ထားခိုင် ကျဆုံးခဲ့တဲ့အပေါ် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဆိုပါတယ်။
ဥပဒေမဲ့ လုပ်ရက်တွေ ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ အခုလို အဆင်ခြင်မဲ့စွာ လုပ်ရပ်ဟာ အရပ်သားများအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု မြောက်ပြီး၊ အာဏာသိမ်းစစ်အုပ်စု တာဝန်ရှိသူများအားလုံး တာဝန်ခံရမယ်လို့ ဆိုတာ သိစေအပ်တယ်လို့ ဖော်ပြထားပါတယ်။