ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
ဧည့်စာရင်းတိုင်တဲ့ အချိန်မှာ အုပ်ချုပ်ရေးမှူးက တစ်ဆင့်ဖြည့်ခိုင်းတာမျိုး မဟုတ်ဘဲ ထွေအုပ်ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် လာရောက်ဖြည့်ခိုင်းတာ၊ တချို့က စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက တစ်ခါတည်း ဖြည့်ခိုင်းတာတွေ ရှိနေပြီး စစ်ဘေးရှောင်တွေဘက်က လမ်းခရီးနှောင့်နှေးတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
“ဘာကြာင့် ဖြည့်ခိုင်းတာလဲ မသိဘူး။ မသင်္ကာတဲ့လူ ပါမှာစိုးလို့ ဆိုရင်တောင် ဘယ်သူကတော့ အမှန်ရေးမှာလဲ။ အသက်တွေကြည့်ပြီး စစ်မှုထမ်းခေါ်ဖို့လား မသိဘူး။ အမျိုးမျိုး တွေးပူနေရတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။
လတ်တလော ဖောင်ဖြည့်ရတဲ့ မြို့တွေဟာ တောင်ကြီး၊ ညောင်ရွှေ၊ ကလော စတဲ့ မြို့နယ်တွေ ပါဝင်ပြီး လူအခြေအနေ အကဲခတ်ပုံအရ ထုံးဖို၊ တောင်ကြီးမြို့ဝင် စစ်ဆေးရေး ဂိတ်တွေမှာလည်း ဖြည့်ခိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။
“ဖောင်ဖြည့်ခိုင်းတာက စစ်ဘေးရှောင်တွေ ထောက်ပံ့ဖို့လို့ ပြောနေတာတော့ ရှိတယ်။ မဖြစ်နိုင်ဘူး ထင်တယ်။ အရင်တစ်ခေါက်ကတောင် ကယားစစ်ရှောင်တွေကို ထောက်ပံ့မယ့်ဟာတွေ နီးစပ်ရာတွေပဲ ရကြတာ။ ကျန်တာက အုပ်ကြီးတွေ ရောင်းစားတာပဲ” လို့ ထွေအုပ်နဲ့ နီးစပ်တဲ့ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့နယ်တွေက တိမ်းရှောင်လာတဲ့ ယာဉ်တန်းတွေဟာ တောင်ကြီးမြို့ကို အဆက်မပြတ် ဝင်နေဆဲဖြစ်ပြီး လတ်တလော တောင်ကြီးမြို့ ရှမ်းပဋိကတ်ကျောင်းတိုက်နဲ့ ရှမ်းဘုန်းကြီးကျောင်း တချို့မှာ အခမဲ့ ခိုလှုံဖွင့်ပေးထားပေမယ့် ငွေကြေး အဆင်ပြေသူတွေကတော့ အိမ်ငှား နေထိုင်ကြတယ်လို့ သိရပါတယ်။