ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့၌ ဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကျောင်းမှ ၂၀၂၅ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇူလိုင် ၁၅ရက်မှစတင်၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
၂၀၂၅အတွက် လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ Medical Sciences ၊School of Nusing Sciences၊ School of Techonology ၊ School of Economics ၊ School of Agriculture၊ School of Arts and Sciences တို့ဖြစ်ကြောင်း အသိပေးထားသည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်ရှိသူများမှြ ၂၀၂၀ နှင့် ယင်းနှစ်မတိုင်မီ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီးသူများ၊ နိုင်ငံတကာ အသိအမှတ်ပြုအောင်လက်မှတ်ရရှိထားသူများ၊ ကချင်ပညာရေးဌာနမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ ကချင်ပညာရေးဌာနမှ ထောက်ခံချက်ပေးထားသည့် ဘာသာရေးကျောင်းမှ ၂၀၂၃တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ အာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် ကျောင်းသား ကျောင်းသူများ ဖြစ်ရမည်ဟု ဖော်ပြထားသည်။
KSCU ကျောင်းကို ၂၀၂၂တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တက္ကသိုလ်တွင် CDM ကျောင်းသား၊ ကျောင်းသူများ၊ PDFများ၊ ကချင်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများ၊ KIO/KIA အမှုထမ်းများလည်း တက်ရောက်ခဲ့သည်။
KSCUသည် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် မြေပြင် ၌ဖွင့်လှစ်သည့် တက္ကသိုလ်ဖြစ်ပြီး တက္ကသိုလ်လည်ပတ်နိုင်ရေး KIOက အဓိက ပံ့ပိုးထားခြင်းဖြစ်သည်။