ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ သိန္ဒီမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် ၈ ရှိ နေအိမ် တစ်လုံးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက် ၁၀ ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က လားရှိုးမြို့ ရပ်ကွက် ၁ ၊ ရပ်ကွက် ၁၀ ၊ ရပ်ကွက် ၈ တို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပြာ ကျခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကိုးကန့် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်မှုကြောင့် အမှတ် ၁ အထက်တန်းကျောင်း၊ ပညာရေးမှူးရုံး၊ မူလတန်းကျောင်းတစ်ကျောင်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ ၁၀ တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျ ရောက် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း မြို့မ ရပ်ကွက်ရှိ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁၈ ရက်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၈ ဦး သေဆုံးကာ ၈၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁၀၀ နီးပါးလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။