မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တလိုင်းရပ်ရွာရှိ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်သာမြို့နယ် တလိုင်းရပ် (ရွာသစ်)ရှိ ပျူစောထီးများ အထိုင်စခန်းချ ထားသောနေရာကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီခန့်တွင် ပျူစောထီးများ စခန်း စွန့်ခွာထွက်ပြေးခဲ့ပြီး ပျူစောထီးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ပျူစောထီးများထံမှ ကာဘိုင် သေနတ် ၁ လက်၊ ရှော့ဂန်း ၁ လက်၊ 7.62 ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇ တောင့်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည် ၊ ယူနီဖောင်းအများအပြား နှင့် ငွေကျပ် တစ်သိန်းငါးထောင် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး သေဆုံးစာရင်းတော့ အတိအကျ ကျနော်တို့ မသိရသေးပါဘူး။ ပျူစောထီး ခေါင်းဆောင် ကျော်မင်းထူး နေအိမ်မှာ စခန်းချနေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းခဲ့တာပါ” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ်-၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။