ထားဝယ်မြို့နယ်မှာ လမ်းပေါ်ပိုက်ဆံထွက်တောင်းလေ့ရှိတဲ့ ဗိုလ်ကြီးတစ်ဦး ဒီနေ့မွန်းတည့်ပိုင်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ ဇဟာရွာအခြေစိုက် အမှတ် (၃၀၂) အမြောက်တပ်က အသက် ၃၆ နှစ်ဝန်းကျင်အရွယ် ဗိုလ်ကြီးမျိုးလင်းဦးဖြစ်တယ်လို့ဆိုပါတယ်။
သူ့ကို ဒီနေ့မွန်းတည့် ၁၂နာရီဝန်းကျင်လောက်မှာ တပ်ရင်းအနီးက ဇဟာရွာ ဖားအောက်တောရ အဝင်လမ်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့သိရပါတယ်။
“မျက်နှာပါပွင့်သွားတယ်လို့ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုပစ်သတ်ခံရသူဟာ ဖားအောက်အဝင်လမ်းမှာ ထွက်ထိုင်ပြီး လမ်းမှာသွားလာနေတဲ့ ထိုင်နိုင်ငံကိုသွားမယ့်ခရီးသည်ကားတွေမှာ ငွေကြေးတောင်းခံတတ်သူဖြစ်တယ်လို့လည်း ဒေသခံကဆိုပါတယ်။
သူ့ကိုဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။
လက်ရှိမှာတော့ ဇဟာကျေးရွာအတွင်း စစ်ကောင်စီဘက်က လိုက်လံစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ဇဟာကျေးရွာက အမှတ် (၃၀၂) အမြောက်တပ်ဟာ ထားဝယ်မြို့နဲ့ ၆ မိုင်ခန့်သာအကွာအဝေးရှိပြီး ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲတွေနဲ့ စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရချိန်တွေမှာ လက်နက်ကြီးနဲ့အဓိကပစ်ကူပေးနေတဲ့နေရာလည်းဖြစ်ပါတယ်။