စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ ပျူစောထီးရွာဖြစ်သော အလယ်ကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ၎င်း၏ကလေးနှစ်ဦးကို ခေါ်ဆောင်ထွက်ပြေးလာပြီး ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ထံခိုလှုံလာကြောင်း သတင်းရရှိသည်။
မေလ ၅ရက်နံနက်က အလယ်ကျွန်းရွာမှ အသက်(၃၅)နှစ်ခန့်အမျိုးသမီးက ၎င်း၏ ကလေးနှစ်ဦးကို ခေါ်ဆောင်လာကာ KLG PDFထံသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။
“နွားကျောင်းဟန်ဆောင်ပြီး ကလေးနှစ်ယောက်ကို ခေါ်လာတာ။ ကျွန်တော်တို့နဲ့အရင်ချိတ်ဆက်ပြီးမှ ထွက်လာတာ”ဟု ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG PDF) ပြန်ကြားရေးတာဝန်ခံကပြောသည်။
အဆိုပါအမျိုးသမီး၏ အမျိုးသားက ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေပြီး ရွာတွင် သားအမိသုံးဦးသာ ကျန်ခဲ့ချိန် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ အလစ်ထွက်ပြေးလာခဲ့ခြင်းဟု ဆိုသည်။
အလယ်ကျွန်းရွာထဲတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ဒေသခံများအပေါ် အနိုင်ကျင့်ဖိနှိပ်နေကြောင်း ထွက်ပြေးလာသည့်အမျိုးသမီးက ဖွင့်ဟသည်ဟု KLG PDFက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အလယ်ကျွန်းရွာတွင် အခိုင်အမာတပ်စွဲခဲ့ရာ ပျုစောထီးရွာအဖြစ် နာမည်ကြီးခဲ့သည်။ ယခုအချိန်အထိလည်း စစ်တပ်က အလယ်ကျွန်းရွာတွင် တပ်စွဲထားဆဲဖြစ်သည်။ အလယ်ကျွန်းရွာတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မကြာခဏသွားရောက်တိုက်ခိုက်ခဲ့သည်။