ထားဝယ်မြို့ပေါ်ရပ်ကွက်က အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ မနေ့ကညပိုင်းမှာ ရိုက်နှက်ပြီးဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲကို ည ၉ နာရီဝန်းကျင်လောက်မှာ စစ်ကားတွေဝင်ရောက်လာပြီးနောက် နေအိမ်မှာရှိနေတဲ့ လူငယ်အမျိုးသားကို ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မဖမ်းဆီးခင်မှာ အဆိုပါအမျိုးသားကို စစ်ကောင်စီတပ်သားနဲ့ရဲတွေက အပြင်းအထန်ဝိုင်းဝန်းထိုးကျိတ်၊ ရိုက်နှက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
“တော်တော်ကိုဆိုးဆိုးရွားရွား ရိုက်ခံလိုက်ရတယ်ကြားတယ်။ ပြီးမှကားပေါ်တင်ပြီး ဖမ်းသွားတာ” လို့မြို့ခံတစ်ဦးက ပြောပါတယ်။
အခုဖမ်းဆီးခံရတာဟာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် စစ်ကောင်စီတပ်ဆီကို တိုင်ကြားလို့လာရောက်ဖမ်းဆီးတာလို့ မြို့ခံကပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ဖမ်းဆီးခံရတဲ့အမျိုးသားရဲ့ နာမည်ကိုမသိရသေးသလို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာကိုလည်းမသိရသေးပါဘူး။
ထားဝယ်မြို့ပေါ်ဟာ စစ်ကောင်စီတပ် လုံခြုံရေးတင်းကြပ်ထားတဲ့နေရာဖြစ်ပြီး ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးတာနဲ့ ညပိုင်းကင်းလှည့်တာတွေကိုလည်း နေ့စဥ်ပြုလုပ်နေပါတယ်။