မြန်မာ − ထိုင်းနယ်စပ် ကရင်ပြည်နယ် ၊မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ရဲ့ အဝင်အထွက်လမ်းကို ဒီနေ့ကစတင်ပြီး ကရင့် နယ်ခြားစောင့်တပ်(BGF) က ကန့်သတ်လိုက်တယ်လို့ ရွှေကုက္ကိုလ်ရှိ သတင်းရင်းမြစ်ထံကသိရပါတယ်။
BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့ သစ် ထဲ မည်သူကိုမျှ ဝင်ရောက် ခွင့် မပြုတော့ဘဲ ပိတ်ပင် လုက်တာလို့သိရပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်ကနေ အထွက်သာရပြီး အဝင်မခံဘဲ ကန့်သတ်ထားတာလို့ ရွှေကုက္ကိုလ် ဒေသခံတစ်ဦးကလည်းပြောပြပါတယ်။
“ဘာဖြစ်တာလဲ မသိ၊ ပေးမဝင်တော့ဘူး” အဲဒီရွှေကုက္ကိုလ် ဒေသခံက ပြောပါတယ်။
အခုလို ရွှေကုက္ကိုလ်မြို့သစ်ထဲ အဝင်အထွက် ကန့်သတ်ပိတ်ပင်တာဟာ မြဝတီမြို့မှာ ဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ယူဆပါတယ်။
မြဝတီမြို့မှာ လက်လွတ်လိုက်ရတဲ့ မြို့စောင့်တပ်ကို ဧပြီလ ၂၃ ရက်မှာစစ်ကောင်စီတပ်ဟာ BGF အကူအညီနဲ့ ပြန်လည်ထိန်းချုပ်လိုက်နိုင်ခဲ့ပါတယ်။
မြဝတီမြို့ပြင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေချိန်မှာ BGF တပ်တွေဟာ မြဝတီမြို့တွင်းမှာ ကင်းလှည့်ပေးတာတွေရှိခဲ့ပါတယ်။
မြဝတီမြို့နဲ့ မြောက်ဘက် ၁၀ မိုင်ခန့် အကွာ သောင်ရင်းမြစ်ဘေးက ရွှေကုက္ကိုလ်မြို့သစ်နယ်မြေဟာ BGF ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ နာမည်ကြီးပါတယ်။
BGF ထိန်းချုပ်နယ်မြေထဲမှာ တရုတ်ငွေလိမ်ဂိုဏ်းတွေ လုပ်ငန်းလည်ပတ်နေပြီး BGF ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေတယ်လို့ အမေရိကန်ပြည်ထောင်စု၊ ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့ က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဆောင်းပါးတစ်ပုဒ် ရေးသားထားတာရှိပါတယ်။