အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေး တိုက်ပွဲဝင်နေပြီး လက်ရှိမှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့နဲ့ အတူ ပူးပေါင်းကာ တိုက်ပွဲ အတွေ့ကြုံယူနေတဲ့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် – BPLA အနေနဲ့ တပ်သားသစ် ခေါ်ယူနေတယ်လို့ BPLA တပ်ဖွဲ့က ပြောပါတယ်။
တပ်သားသစ်ခေါ်ယူမှုမှာ နယ်မြေဒေသနဲ့ ကျား၊မ ခွဲခြားထားတာ မရှိဘဲ တပ်ရင်းတစ်ရင်းစာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက ပြောပါတယ်။
“ကျနော်တို့ BPLA မှာ အပတ်စဉ် (၁)ကနေ (၅)အထိ သင်တန်း ပေးထားပြီပေါ့။ ဒီကနေ ရရှိခဲ့တဲ့ တပ်သားတွေနဲ့ပဲ ရှေ့တန်း၊ နောက်တန်း တာဝန်တွေကို အသီးသီး ထမ်းဆောင်ခဲ့ကြတာ။ အခုလို နေ့စဉ်တိုက်ပွဲတွေ ဖြစ်လာတဲ့ အခြေအနေမှာကျတော့ တပ်သားသစ် လိုအပ်ချက်က ရှိလာတယ်။ ဒါ့ကြောင့်ပဲ နောက်ထပ် အပတ်စဉ်သစ် တစ်ခု ထပ်စဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်”
BPLA အနေနဲ့ တပ်သားသစ် ခေါ်ယူရာမှာတော့ လျှောက်ထားလိုသူတွေ အနေနဲ့ ကိုယ်တိုင် အချက်ငါးချက်ကို စိတ်ပိုင်းဖြတ်ပြီးမှ လျှောက်စေချင်တယ်လို့ ဆိုပါတယ်။
“သင်တန်းသား လျှောက်တဲ့နေရာမှာ အခုနားက အပိုင်းမှာတော့ ဒေသတွေ အပေါ်မှာ မှီတည်ပြီးတော့ ဒီအပေါ်မှာ ခွဲခြားပြီး နောက်တခြားသော ကျား၊မ တခြားသော ဖြစ်တည်မှုတွေ အပေါ်မှာလည်း ဒါတွေကို ရွေးချယ်ပြီး ခေါ်ယူမှာ မဟုတ်ဘူးပေါ့။ တပ်သားသစ် တစ်ယောက်ကတော့ ကျနော်တို့ကနေ ထုတ်ပြန်ထားတဲ့ အချက် ငါးချက် ရှိတယ်။ ကျန်းမာရေး ကောင်းမွန်ရမယ်၊ ပင်ပန်းဆင်းရဲမှုဒဏ် ခံနိုင်ရမယ်၊ မိသားစုတွေ ချစ်ခင်ရတဲ့သူတွေနဲ့ အဆက်အသွယ် ဖြတ်နိုင်ဖို့ လိုတယ်၊ အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမယ်၊ အသက်(၃၀)လည်း မကျော်ရဘူး၊ နောက်ဆုံး တစ်ချက်ကတော့ အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နိုင်ရမယ်။ ဒါတွေကို လက်ခံနိုင်တယ်၊ ကိုယ်နဲ့ ကိုက်ညီတယ်ဆိုရင် တပ်ဖွဲ့ဝင်အဖြစ် တပ်သားသစ်အဖြစ် ကျနော်တို့ ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်”
BPLA ဟာ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ မဟုတ်ဘဲ သီးခြား ရပ်တည်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်း ဖြစ်ပါတယ်။