ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Non-CDM ဆရာမ ဒေါ်နုနုလှိုင်သည် CDM ပညာရေးဝန်ထမ်းများ၏ အချက်လက်များကို စစ်ကောင်စီထံပေးပို့ပြီး ဖမ်းဆီးခိုင်းစေခြင်းများလုပ်ဆောင်နေသည်ကို ရပ်တန်းကရပ်ရန် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့(အောက်တိုဘာ ၈)တွင် သတိပေးချက် ထုတ်ပြန်သည်။
မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာတွင်နေထိုင်သည့် ဆရာမ ဒေါ်နုနုလှိုင် (အ.ထ.က မင်းလှ)သည် မြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများအား စစ်ကောင်စီထံ သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ CDM ပညာရေ ဝန်ထမ်းများအား ဖိအားပေး ခြိမ်းခြောက်၍ Non CDM ဖြစ်စေခြင်း၊ ကျောင်းသား၊ သူများအား စစ်ကောင်စီအလိုကျ PDF/NUG အား အကြမ်းဖက်သမားများဟု ဝါဒဖြန့် ပြောဆိုခြင်းနှင့် ခွဲခြားဖိနှိပ် ဒုက္ခပေးခြင်း၊ စစ်ကောင်စီနှင့် ဆက်စပ်သူများအား ငွေကြေးထောက်ပံ့ပေးမှုများ ပြု လုပ်နေကြောင်း စုံစမ်းသိရှိရသည်ဟု ဖော်ပြသည်။
“သူ့ကြောင့်ထောင်ကျနေတဲ့ ဆရာ၊ ဆရာမ သုံးဦးရှိတယ်။ စကစတပ်ကိုလည်း ငွေကြေးထောက်ပံ့တယ်။ CDM တွေမိသားစုကို ဖိအားပေးပြီး ပြန်အလုပ်မဝင်ရင် မိသားစုဖမ်းမယ်ခြိမ်းခြောက်တယ်။ သူ့ကြောင့် Non တွေဖြစ်ကုန်တာ မနည်းဘူး။ သူက ပညာရေးအ သိုင်းအဝိုင်းမှာ နံမည်ကြီး စကစထောက်တိုင်ပဲ”ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ထို့အပြင် ကျောင်းသားတစ်ဦးက မအလဟု ဆဲဆိုသည်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရည်ညွှန်းပြောဆိုသည်ဆိုကာ ရဲထံအကြောင်းကြားပြီး ယင်းကျောင်းသားအား ဖမ်းဆီးခိုင်းရာ အသက်မပြည့်ဆိုကာ ဖမ်းဆီးခြင်းမရှိသောကြောင့် ကျောင်းတာဝန်ရှိသူများထံ ဆက်လက်တိုင်ကြားရာ ကျောင်းနှစ်ပတ်နားခံရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။
ထို့ကြောင့် ဆရာမ ဒေါ်နုနုလှိုင်အနေဖြင့် စစ်ကောင်စီကို အားပေးကူညီပြီး ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊သူများအား ဖိနှိပ်ဒုက္ခပေးနေခြင်းအား ဆက် လက်လုပ်ဆောင်မည်ဆိုပါက မိမိတို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဤထုတ်ပြန်ချက်ဖြင့် အသိပေးအပ်ပါသည်ဟု ဖော်ပြထားသည်။
အထက်ပါ အခြေအနေများနှင့် စပ်လျဥ်း၍ ဆရာမနုနုလှိုင်ထံ လူထုနွေဦးက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။