တနင်္သာရီမြို့နယ်ရှိ ရှေ့တန်းစခန်းတစ်ခုကိုလက်နက်နဲ့ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၁၁ နာရီလောက်မှာ သိန္ဓောရွာကရှေ့တန်းစခန်းကို လက်နက်နဲ့ရိက္ခာတွေသွားပို့ပြီး ခြေမြန်တပ်ရင်း ခမရ (၅၆၁) ကိုပြန်လာချိန် ကျွဲထိန်းကုန်းရွာနဲ့ တောင်ဘိန်းရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“သူတို့က တောလမ်းကနေ လမ်းလျှောက်ပြီးလာတာ။ မိုင်းထိတာက မျက်မြင်တောင် ၆ ယောက်ကျတယ်။ နောက်ထပ်ဒဏ်ရာရတာတွေလည်းရှိသေးတယ်” လို့ တိုက်ပွဲမှာပါဝင်တဲ့ မြိတ်ခရိုင် တပ်ရင်း(၂)ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းက စစ်ကောင်စီတပ်သား အင်အား ၆၀ ဝန်းကျင်လောက်အထိရှိပြီး တိုက်ခိုက်ခံရပြီးနောက်မှာ ၄၀မမ နဲ့ ၆၀ မမလက်နက်ကြီးနဲ့ အများအပြား ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တစ်ဦး ၄၀ မမ လက်နက်ကြီးစ ထိမှန်ခဲ့လို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၆၀မမလက်နက်ကြီးကျည်ထိပြီး ဒေသခံနေအိမ်တစ်ဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂)နဲ့ တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ဒီကနေ့မနက် ၉နာရီလောက်ကလည်း ဘန်ကျုတ်ရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပေမဲ့ နှစ်ဖက်ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။