နိုင်ငံတစ်ဝန်းရှိ Denko ဆီဆိုင်များတွင် ပုံး၊ ပီပါဖြင့် ဒီဇယ်ဝယ်မည်ဆိုပါက ယနေ့မှစတင်၍ စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် တွက်ချက်ပြီး ဒီဇယ်စျေး နှုန်းသတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း Denko စက်သုံးဆီကုမ္ပဏီက တရားဝင် ကြေညာသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မှစတင်ပြီး Denko စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်(PD) နှင့် ဒီဇယ်(HSD) နှစ်မျိုးကို ပုံး၊ ပီပါများဖြင့် ဝယ်ယူမှုများအတွက် စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများ၊ အခြားစီးပွားရေး လုပ်ငန်းများအတွက် သတ်မှတ်ထားသော ၁၀၀ ရာခိုင်နှုန်း စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် ဆီစျေးကို တွက်ချက်ထားသော သီးခြားစျေးနှုန်းဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။
လက်ရှိဝယ်ယူအသုံးပြုနေသောကား/ယာဉ်များအတွက် ပုံမှန်အတိုင်း ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး ပုံး/ပေပါများဖြင့်ဝယ်ယူအသုံးပြုမည်သူများ (စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများ၊ အခြားစီးပွားရေး လုပ်ငန်းများအတွက်) သီးခြားတွက်ချက်စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊စျေးနှုန်း ကွာခြားမှုအတွက် ဝယ်လိုထားသော ဒီဇယ်ဆီပမာဏလိုက်၍ ငွေကြေးများ ထပ်မံတောင်းခံမည်ဖြစ်ကြောင်း ၊ အဆိုပါစျေးနှုန်းကို လက်ခံသဘောတူသည့် Customer များကိုသာ ပုံး/ပေပါများဖြင့် ဒီဇယ်ဆီများ ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာသည်။
“အခုကတော့ ဒီဇယ်ဆီပေါ့။ နောက်တဖြည်းဖြည်းနဲ့ အခြားဆီစျေးတွေလည်း စျေးကွက်ပေါက်စျေးနဲ့ ရောင်းမယ့် အခြေအနေရှိပါတယ်။ စစ်ကောင်စီက ဒေါ်လာ ထုတ်မရောင်းနိုင်တော့ဘူး။ ဟိုရက်ပိုင်းက ဒေါ်လာ ၁၂ သန်းထုတ်ရောင်းတာလည်း မစို့မပို့ ဖြစ်နေတယ်။ တကယ်က စက်သုံးဆီအတွက် ဒေါ်လာသန်းဆယ်ချီ၊ ရာချီလိုနေတာ။ ဆီစျေးတွေကတော့ အတက်ကိုပဲ သွားဖို့ရှိတယ်” ဟု ဆီဆိုင်မန်နေဂျာတစ်ဦးက ပြောဆိုသည်။
လက်ရှိ ရန်ကုန်တွင် ဒီဇယ်စျေးနှုန်းသည် တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ၂၄၇၅ ကျပ်အတွင်း စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။