ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG)သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်းကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်တဲ့ အပေါ် DMG သတင်းဌာနအပါအဝင် မီဒီယာ ၁၅ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတကာမြန်မာ့သတင်း(BNI)အဖွဲ့က မတရားတဲ့လုပ်ရပ်အဖြစ် ကန့်ကွက်ရှုတ်ချတယ်လို့ ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတကာမြန်မာ့သတင်း(BNI) ရဲဲ့ မူဝါဒရေးရာကော်မတီ ဥက္ကဌ ဦးကိုကိုဇော်က “သတင်းသမားတွေ သတင်းသမား အလုပ်လုပ်တဲ့အပေါ် ရာဇဝတ်ပြစ်မှုနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက် တားမြစ်လိုက်တာဖြစ်တယ်။ ဖမ်းဆီးမှု၊ အသုံးပြုတဲ့ ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ တရားမျှတမှု လုံးဝမရှိဘူး” လို့ပြောပါတယ်။
(DMG) သတင်းထောက် ကိုထက်အောင် ရခိုင်ပြည်နယ် စစ်တွေမြို့ဝင်္ကပါကွင်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲ ဓာတ်ပုံရိုက်တဲ့အတွက် စစ်ကောင်စီက မတရားစစ်ဆေး ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်းထောက် ကိုထက်အောင် နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဇွန်လ ၂၈ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့လည်း သတင်းသမားများကာကွယ်ရေးအဖွဲ့ CPJ ရဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ်ပြန်ချက််အရ သိရပါတယ်။